The Ritual (2017) ဟာ Netflix ပေါ်မှာ လူကြိုက်များခဲ့ပြီး ဝေဖန်ရေးသမားတွေကြားမှာပါ ချီးကျူးမှုရရှိခဲ့တဲ့ Horror/Mystery Thriller ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ သူငယ်ချင်းတစ်စုဟာ သူတို့ထဲက သူငယ်ချင်းတစ်ယောက် ဓားပြတိုက်ခံရပြီး သေဆုံးသွားခဲ့တဲ့ အဖြစ်အပျက်ဆိုးကြီးအပြီးမှာ သူ့ကို ရည်စူးပြီး ဆွီဒင်နိုင်ငံရဲ့ တောတောင်တွေထဲကို တောင်တက်ခရီး ထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ သူငယ်ချင်းတစ်ယောက် ဒဏ်ရာရသွားတာကြောင့် ဖြတ်လမ်း အနေနဲ့ ရှေးဟောင်းသစ်တောကြီးတစ်ခုထဲကို ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြရာကနေ စပြီး အမှားကြီး မှားခဲ့ပါတော့တယ်။
အဲဒီသစ်တောကြီးထဲမှာ သူတို့ဟာ သာမန်မဟုတ်တဲ့ ထူးဆန်းတဲ့ အမှတ်အသားတွေ၊ သစ်ပင်ပေါ်မှာ ဆွဲကြိုးချသေဆုံးနေတဲ့ သားကောင်တွေနဲ့ ရှေးဟောင်းအယူဝါဒအကြွင်းအကျန် အိမ်အိုကြီးတစ်လုံးကို တွေ့ရှိခဲ့ကြပြီးနောက်... တစ်ယောက်ပြီးတစ်ယောက် စိတ္တဇအိပ်မက်ဆိုးတွေ၊ ခြောက်လှန့်မှုတွေနဲ့ သစ်တောနက်ထဲက ကွယ်ဝှက်နေတဲ့ အရာဆိုးကြီးတစ်ခုရဲ့ အမဲလိုက်ခြင်းကို စတင်ခံရပါတော့တယ်။
ဒီကားရဲ့ အကောင်းဆုံးအပိုင်းက နော်ဒစ် (Nordic) ဒဏ္ဍာရီလာ သစ်တောကြီးရဲ့ အအေးဓာတ်၊ မြူခိုးတွေနဲ့ သစ်ပင်တွေကြားထဲက ပိတ်မိနေတဲ့ ခံစားချက်ကို ရုပ်ရှင်က အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ကြည့်ရှုသူကိုပါ ဇာတ်ကောင်တွေနဲ့အတူ လမ်းပျောက်ပြီး မွန်းကြပ်နေသလို ခံစားရစေမှာပါ။
နိဂုံးချုပ်အနေနဲ့ "The Ritual" ဟာ သာမန် Jump-scare တွေကိုပဲ အားကိုးထားတဲ့ ကားမျိုး မဟုတ်ပါဘူး။ လူသားတွေရဲ့ ရင်ထဲက အကြောက်တရား၊ သူငယ်ချင်းအချင်းချင်းကြားက အားပြိုင်မှုနဲ့ သဘာဝလွန် ဖြစ်ရပ်တွေကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ The Witch, Midsommar တို့လို တောတောင်အောက်လမ်းနည်းဆန်ဆန် နဲ့ သည်းထိတ်ရင်ဖိုကားတွေကို သဘောကျသူတွေအတွက် ညဘက် မီးပိတ်ပြီး ကြည့်ဖို့ အထူးသင့်လျော်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
My Rating 7.5/10
AP
Comments: