Mike Flanagan ရိုက်ကူးထားတဲ့ The Haunting of Hill House  Netflix series ဟာ Horror ပရိသတ်တွေကြားမှာတင်မကဘဲ ရုပ်ရှင်ဝေဖန်ရေးလောကမှာပါ အတော်လေး ရေပန်းစားခဲ့တဲ့ Series တစ်ခုပါ။

ဒီကားက သမားရိုးကျ သရဲကားတွေလို Jump scares တွေနဲ့တင် ခြောက်တာမျိုး မဟုတ်ပါဘူး။ အဓိကက Family Drama နဲ့ Trauma (စိတ်ဒဏ်ရာ) ကို အခြေခံထားတာပါ။ ငယ်ငယ်က Hill House ဆိုတဲ့ အိမ်ကြီးထဲမှာ နေခဲ့ရတဲ့ မောင်နှမ ၅ ယောက်ဟာ သူတို့ရဲ့ မိခင်ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ဘယ်လို စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရလဲ၊ အဲ့ဒီ စိတ်ဒဏ်ရာတွေက သူတို့ရဲ့ လူကြီးဘဝမှာ ဘယ်လို ခြောက်လှန့်နေလဲဆိုတာကို အတိတ်နဲ့ ပစ္စုပ္ပန်ကို ဟိုဘက်ဒီဘက် ကူးပြောင်းပြီး ပုံဖော်ထားပါတယ်။

The Haunting of Hill House ရဲ့ ထူးခြားချက်က တခြားသရဲကားတွေလို Jump Scare တွေတင်မကဘဲ၊ ကင်မရာရဲ့ နောက်ကွယ် တွေမှာ Hidden Ghosts တွေကို ပရိသတ် သတိမထားမိအောင် ထည့်သွင်းထားတာပါ။

ဒါဟာ ဒါရိုက်တာ Mike Flanagan ရဲ့ ပရိသတ်ကို စိတ်ခြောက်ခြားအောင် လုပ်တဲ့ အတော်ဆုံး နည်းလမ်းတစ်ခုလို့ ပြောလို့ရပါတယ်။(အိမ်ကြီးရဲ့ ထောင့်တွေ၊ တံခါးကြားတွေမှာ ခဏခဏ တွေ့ရတတ်ပါတယ်။ ဇာတ်ကားကြည့်တဲ့ အချိန် သတိထားပီးကြည့်ကြည့်ပါ။ ဥပမာ Theo က မီးဖိုချောင်ထဲမှာ တစ်ယောက်တည်း ရှိနေတုန်း သူသွားနေတဲ့ နောက်က တံခါးကြားမှာ မျက်နှာဖြူဖြူနဲ့ သရဲတစ်ကောင် ရပ်ကြည့်နေတာမျိုးပါ။)

Episode 6 မှာဆိုရင် ၁၇ မိနစ်နီးပါးလောက် ကင်မရာမဖြတ်ဘဲ တစ်ဆက်တည်း ရိုက်ထားတဲ့ (One-shot) အခန်းတွေ ပါပါတယ်။ ဒါဟာ ရုပ်ရှင်ပညာအရရော၊ သရုပ်ဆောင်ပိုင်းအရရော အရမ်းကို ပြောင်မြောက်တဲ့ အခန်းပါ။ ကလေးသရုပ်ဆောင်တွေရော လူကြီးသရုပ်ဆောင်တွေပါ ပုံစံတူရုံတင်မကဘဲ သရုပ်ဆောင်တာလည်း အရမ်းပီပြင်ပါတယ်။

ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ အချိန်ကာလ နှစ်ခုကို ယှဉ်တွဲပြီး တင်ဆက်ထားတာပါ။ ၁၉၉၂ ခုနှစ် (အတိတ်) နဲ့ မျက်မှောက်ခေတ် (ပစ္စုပ္ပန်) ကြားမှာ မိသားစုတစ်ခုရဲ့ ပြိုကွဲမှုကို ရိုက်ပြထားပါတယ်။

Hugh နဲ့ Olivia Crain ဇနီးမောင်နှံဟာ သူတို့ရဲ့ ကလေး ၅ ယောက် (Steven, Shirley, Theo, Luke, Nell) နဲ့အတူ Hill House ဆိုတဲ့ ရှေးဟောင်းအိမ်ကြီးကို ပြောင်းလာခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က အိမ်ဟောင်းကြီးကို ပြင်ဆင်ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းဖို့ပါ။

ဒါပေမဲ့ အိမ်ကြီးထဲမှာ နေထိုင်ရင်း ထူးဆန်းတဲ့ ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတယ်။ အိမ်ကြီးက သူတို့ရဲ့ စိတ်အစွဲတွေကို အသုံးချပြီး ခြောက်လှန့်ပါတယ်။ အထူးသဖြင့် မိခင်ဖြစ်သူ Olivia ဟာ အိမ်ရဲ့ လွှမ်းမိုးမှုကို အခံရဆုံးဖြစ်ပြီး နောက်ဆုံးမှာတော့ ကြောက်စရာကောင်းတဲ့ ညတစ်ညမှာ Olivia ဆုံးပါးသွားခဲ့ရပါတယ်။ ဖခင်ဖြစ်သူ Hugh ဟာ ကလေး ၅ ယောက်ကို အိမ်ကြီးထဲကနေ အမြန်ဆုံး ခေါ်ထုတ်ပြီး ထွက်ပြေးခဲ့ရပါတယ်။

နှစ်ပေါင်း ၂၆ နှစ် ကြာသွားတဲ့အခါ ကလေး ၅ ယောက်ဟာ လူကြီးတွေ ဖြစ်ကုန်ကြပါပြီ။ ဒါပေမဲ့ Hill House မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေက သူတို့ဘဝကို ပုံစံအမျိုးမျိုးနဲ့ ဒုက္ခပေးနေတုန်းပါပဲ။

Nell တစ်ယောက် Hill House အိမ်ကြီးကို ပြန်သွားပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တဲ့ သတင်းကြောင့် ကျန်တဲ့ မောင်နှမတွေနဲ့ အဖေဖြစ်သူဟာ ပြန်လည် ဆုံတွေ့ကြရပါတယ်။ နေလ်ရဲ့ သေဆုံးမှုဟာ သူတို့ကို Hill House ဆီကို တစ်ဖန် ပြန်လည် ခေါ်ဆောင်သွားပါတယ်။

အိမ်ကြီးရဲ့ ရည်ရွယ်ချက်က သူတို့ကို အိမ်ထဲမှာပဲ ထာဝရ ပိတ်လှောင်ထားဖို့ပါ။ အိမ်ထဲမှာ ရှိတဲ့ Red Room ဟာ အိမ်ရဲ့ ဗိုက် လိုမျိုး ဖြစ်ပြီး လူတစ်ယောက်ချင်းစီရဲ့ စိတ်ကူးယဉ် အခန်းတွေအဖြစ် ပုံစံပြောင်းပြီး သူတို့ကို တဖြည်းဖြည်း ဝါးမြိုနေခဲ့တာ ဖြစ်ပါတယ်။

ဒီ Series ရဲ့ အားနည်းချက်လို့ ပြောရမှာကတော့ ဇာတ်လမ်းက ဖြည်းဖြည်းချင်း သွားတာမျိုးဖြစ်လို့ သရဲတရစပ်ခြောက်တာမျိုး ကြိုက်တဲ့သူတွေအတွက်တော့ အနည်းငယ် ပျင်းစရာကောင်းနေနိုင်ပါတယ်။ ပီးတော့ Ending ပိုင်းမှာလည်း Horror ကားတစ်ကားအနေနဲ့ နည်းနည်း နူးညံ့ လွန်းတယ်လို့ ခံစားမိစေပါတယ်။

အဆုံးသတ်အနေနဲ့   The Haunting of Hill House က သရဲကားဖြစ်ပေမယ့် လူတွေရဲ့ ဝမ်းနည်းမှု၊ အပြစ်ရှိစိတ်နဲ့ မိသားစုဆက်ဆံရေးကို လှလှပပ ရိုက်ပြထားပီး Horror ကြိုက်သူတွေအတွက်တော့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားစာရင်းထဲမှာ ပါပါတယ်။


AP