Apple TV+ က ထုတ်လွှင့်တဲ့ Silo ဇာတ်လမ်းတွဲဟာ Sci-fi နဲ့ Mystery ကို ကြိုက်နှစ်သက်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ လက်ရာတစ်ခုပါ။ Hugh Howey ရဲ့ နာမည်ကြီး "Wool" စာအုပ်စီးရီးကို အခြေခံထားတာဖြစ်ပြီး အပိုင်း (၁၀) ပိုင်းနဲ့ Season-1 ကို တင်ဆက်ထားပါတယ်။ လတ်တလောအထိတော့ Season-2 အထိထွက်ရှိထားတာဖြစ်ပါတယ်။
ဇာတ်လမ်းက အစပိုင်းမှာ တော်တော်လေး ဆွဲဆောင်မှုရှိသလို အဆုံးသတ်ပိုင်းမှာလည်း အံသြစရာ (Plot Twists) တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမဲ့ အလယ်ပိုင်း အပိုင်းအချို့မှာတော့ ဇာတ်အိမ်တည်ဆောက်တာ နည်းနည်းနှေးတယ်လို့ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနှေးကွေးမှုက နောက်ဆုံးမှာ ဖြစ်လာမယ့် ပေါက်ကွဲမှုတွေအတွက် အခြေခံတွေ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
ကမ္ဘာကြီး ပျက်စီးသွားပြီးနောက် ကျန်ရှိနေတဲ့ လူသား ၁၀,၀၀၀ ခန့်ဟာ မြေအောက် အထပ်ပေါင်း ၁၄၄ ထပ်ရှိတဲ့ Silo လို့ခေါ်တဲ့ မြေအောက်ခန်းကြီးထဲမှာ စုပေါင်းနေထိုင်ကြပါတယ်။ အပြင်လောကမှာ လေထုက အဆိပ်အတောက်တွေ ဖြစ်နေလို့ ထွက်လို့မရဘူးလို့ သူတို့ ယုံကြည်ထားကြတယ်။ Silo ရဲ့ စားသောက်ခန်းတွေ ထဲမှာအပြင်လောကကို မြင်နိုင်မယ့် Screen အကျယ်ကြီးရှိပါတယ်။ Screen နဲ့ချိတ်ဆက်ထားတဲ့ Camera ကလဲ နှစ်တေကြာနေပီမလို့ ဖုန်တေတက်နေတာကြောင့် မြင်ကွင်းက ကြည်လင်ပြတ်သားမှုတော့မရှိတော့ပါဘူး။ အပြင်ထွက်ဖို့ အမိန့်ပေးခံရတဲ့သူတွေ၊ ကိုယ်တိုင်အပြင်ထွက်ဖို့ တောင်းဆိုသူတေက အပြင်ရောက်ရင် Camera ကို သန့်ရှင်းရေး လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ရပါတယ်။ ဒါပေမယ့် အပြင်ထွက်သူ အားလုံးဟာလဲ Camera ကိုသန့်ရှင်းရေးလုပ်ကြတာကြီးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ရဲမှုး (Sheriff Becker) က ကိုယ်တိုင် အပြင်ထွက်ဖို့တောင်းဆိုခြင်းကနေ စတင်ထားပါတယ်။ ပြီးနောက် နောက်ထပ်ရဲမှုး အသစ် (Juliette) ရဲ့ Silo ထဲက လျှို့ဝှက်ချက်တွေကို ရှာဖွေ ရင်းနဲ့ ဇာတ်လမ်းကိုဆက်သွားထားပါတယ်။ ဇာတ်လမ်းရဲ့ Main Point ကတော့ Silo ထဲမှာပဲ လုံခြုံမလား၊ အပြင်လောကပဲ လူတေနေထိုင်လို့ရနေပီလားဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
Silo ထဲက ပတ်ဝန်းကျင်ဟာ အလွန်ပဲ စစ်မှန်ပါတယ်။ အဆင့်မြင့်နည်းပညာတွေထက် သံချေးတက်နေတဲ့ စက်ယန္တရားတွေ၊ ကျဉ်းမြောင်းတဲ့ လှေကားထစ်တွေနဲ့ ဖန်တီးထားတာက ကြည့်ရတာ တကယ်ကို မွန်းကြပ်စရာ ကောင်းအောင် ဖန်တီးနိုင်ပါတယ်။
ဇာတ်ဆောင် Juliette (Rebecca Ferguson) ရဲ့ သရုပ်ဆောင်မှုက အလွန်ကောင်းပါတယ်။ သူမဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့အတွက် ပြဿနာတစ်ခုကို စိတ်ခံစားချက်ထက် လက်တွေ့ကျကျ ဖြေရှင်းပုံက စိတ်ဝင်စားဖို့ကောင်းပါတယ်။
အပေါ်ထပ်မှာ နေတဲ့သူတွေနဲ့ အောက်ခြေက စက်ခန်းထဲမှာ အလုပ်လုပ်ရသူတွေကြားက ကွာဟချက်ကို ပေါ်လွင်အောင် ရိုက်ပြထားပါတယ်။
Silo ဟာ "ငါတို့ မြင်နေရတာတွေက အမှန်တရားလား?" ဆိုတဲ့ မေးခွန်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အစိုးရရဲ့ ထိန်းချုပ်မှု၊ သမိုင်းကို ပြန်လည်ပြင်ဆင်ရေးသားမှုနဲ့ လူသားတို့ရဲ့ သိလိုစိတ်တွေကို သေသပ်စွာ ပေါင်းစပ်ထားပါတယ်။ Silo ဟာ လျှို့ဝှက်ချက်တွေချည်းပဲ ထည့်ထားတဲ့ ဇာတ်လမ်းမျိုး မဟုတ်ဘဲ ဇာတ်ကောင်တွေရဲ့ ခံစားချက်နဲ့ ပေးဆပ်မှုတွေကို သေသပ်စွာ ပုံဖော်ထားတာကြောင့် ပရိသတ်ကို ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ Snowpiercer လိုမျိုး လူ့အဖွဲ့အစည်းရဲ့ အနိမ့်အမြင့်နဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရတဲ့ ဇာတ်လမ်းမျိုး ကြိုက်တတ်ရင် ဒါဟာ မကြည့်မဖြစ် ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။
AP

Comments: