ရုပ်ရှင်တစ်ကားကို ဖန်တီးဖို့အတွက် ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ၊ နောက်ကွယ်က လူများစွာက လူအပင်ပန်းခံ၊ အချိန်များစွာပေးပီး ကြိုးစားအားထုတ်ကြရပါတယ်။ အခု Interstellar ရုပ်ရှင်ဟာဆိုရင်လဲ ငွေကြေးများစွာသုံး ပီး ရိုက်ကူးခဲ့ကြတာပါ။ တစ်ချို့ရုပ်ရှင်တေဆိုရင် ငွေကြေးများစွာသုံးပီး အောင်မြင်မှုမရခဲ့တဲ့ ရုပ်ရှင်တေဆိုတာလဲ ဒုနဲ့ဒေးပါပဲ။ ဘက်ဂျက် 160 million လောက်သုံးပီး အမြတ် 770 million လောက် အမြတ်ရခဲ့တယ်ဆိုတော့ Producer တွေအတွက် တွက်ချေကြိုက်ခဲ့တဲ့ ရုပ်ရှင်ဆိုရင်လဲ မမှားခဲ့ပါဘူး။


ထွက်တာကြာပီဆိုပေ့မယ် အခုချိန်ထိ အတွေးနယ်ချဲ့ မိစေမယ့် Sci-Fi ရုပ်ရှင်တေက ရှားပါးနေဆဲသာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Interstellar ကို ကြည့်ပြီးတစ်ပတ်လောက်ကြာခဲ့တဲ့အထိ အရမ်းစဉ်းစားနေဆဲပါပဲ။ သိပ္ပံ အကြောင်းတေလဲအများကြီးပါတာ ဆိုတော့ တချို့ အကြောင်းအရာလေးတေကို ဟုတ်နိုင်လောက်လားဆို ပီးစဉ်းစားနေတာလဲပါတာပေါ့။ 


ရုပ်ရှင်ကို ရုပ်ရှင်အနေနဲ့ပဲ ဆုံးဖြတ်ရင် ဒီလောက် လှပတဲ့ ရုပ်ရှင်မျိုး မရှိဖူးသလောက်ပါပဲ။ နှစ်နာရီ ၅၀ မိနစ်လုံးလုံး မျက်စိကို မခွာနိုင်အောင် စွဲဆောင်ပြီး အံ့သြဖွယ်ပုံရိပ်တွေကို ဆက်တိုက် မြင်တွေ့နေရပါတယ်။ နည်းပညာပိုင်းဆိုင်ရာအောင်မြင်မှုအရဆိုရင် Interstellar ဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ လက်ရာတစ်ခုပါ။


ဒါပေမယ့် Sciences အမြင်နဲ့သာကြည့်မယ်ဆို — စကြည့်တဲ့ ပထမ တစ်ခေါက်မှာတော့ သိပ်နားမလည်တာတော့ အမှန်ပါပဲ။ နောက်အခေါက်တေထပ်ကြည့်မှသာ ဆိုလိုချင်တာကို ရေးရေးလေး သဘောပေါက်လာခဲ့ပါတယ်။ 


ဇာတ်လမ်းက လူသားတို့ အသက်ရှင်ဆက်နေရန် အတွက် နောက်ဆုံးကြိုးပမ်းမှုကို ဖော်ပြထားတဲ့ Christopher Nolan ရဲ့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Cooper က သူ့သမီး အခန်းထဲကို Message ပို့ပီးပြောတဲ့ အခန်းဆိုပိုပီးစဉ်းစားစရာတောင်ဖြစ်နေသေးတယ် ။ Loop ဖြစ်နေတဲ့ ပုံစံမျိုးဖြစ်နေတာကိုး၊ Cooper က Message ပို့မယ် သူ့ပို့တဲ့ Message ကိုပဲ သူကိုတိုင်ရပီး NASA ကိုသွားမယ် ပီးတော့ အာကာသထဲကိုသွားပီး နောက်ဆုံး Blackhole လိုမျိုးထဲကိုရောက်သွားပီး ဒီ Message ကိုပဲ ပို့မယ်။ ဇာတ်လမ်းက တွေးစရာလေးတေတော့ ကျန်နေခဲ့ပါတယ်။


Matthew McConaughey က Dr. Cooper အဖြစ် သရုပ်ဆောင်ထားပြီး၊ သူဟာ အင်ဂျင်နီယာဘွဲ့ရ NASA လေယာဉ်မှူးဟောင်းတစ်ယောက်ဖြစ်ပါတယ်။ Accident တစ်ခုနဲ့အတူ သူ့အိပ်မက်ဖြစ်တဲ့ အာကာသခရီးကို စွန့်လွှတ်ပြီး လယ်သမားအဖြစ် နေထိုင်နေပါတယ်


Interstellar ဇာတ်အိမ်တယ်ထားတဲ့ လောကမှာ “blight” လို့ခေါ်တဲ့ ရာသီဥတု ပျက်စီးမှု တစ်မျိုးကြောင့် စိုက်ပျိုးရေးအစားအစာတွေ ပျက်စီးနေပါတယ်။ လယ်ယာထွက်ကုန်တွေ တဖြည်းဖြည်း သေဆုံးပြီး အစားအစာ မလုံလောက်တော့ပါဘူး။ လူတေကလဲ အစာရေစာ ရှားပါးလာခြင်းကြောင့် အာကာသနဲ့ သက်ဆိုင်တဲ့နယ်ပယ်တေမရှိတော့ဘဲ စိုက်ပျိုးရေး လုပ်နိုင်သူတေကို ပိုအလိုရှိလာတယ်။ NASA လိုအဖွဲ့ အစည်းကြီးတောင်မှ အများအမြင်မှာမရှိတော့ပဲ တိတ်တစိတ်ပဲ အလုပ်လုပ်ကိုင်နေကြတော့တယ်။


အစမှ အဆုံးထိ Interstellar က မျက်စိမခွာနိုင်အောင် ဆွဲဆောင်ထားပါတယ်။ ဖရိမ်တစ်ခုချင်းစီက အနုပညာလက်ရာမြောက်လှပါတယ်။ အနီးကပ်ရိုက်ချက်တွေကနေ အဆုံးမရှိတဲ့ မြင်ကွင်းကြီးတွေထိ အားလုံးဟာ အံ့သြစရာကောင်းပါတယ်။ ဒီအပိုင်းမှာဆိုရင် Nolan ရဲ့ အကောင်းဆုံးလက်ရာလို့တောင် ပြောလို့ရပါတယ်။


Cooper နဲ့ သူ့အဖွဲ့ သွားရောက်တဲ့ ကမ္ဘာတွေကလည်း အလွန်လှပစွာ ဖန်တီးထားပါတယ်။ ရေအပြည့်နဲ့ ဖုံးလွှမ်းထားတဲ့ ပထမကမ္ဘာကတော့ အလွန်ပြင်းထန်တဲ့ ဆွဲအားကြောင့် ဖြစ်လာတဲ့ လှိုင်းကြီးတွေက မူးဝေစေမယ့်အထိ အံ့သြစရာကောင်းပါတယ်။


အာကာသကို ရိုက်ပြထားတာလဲ အရမ်းလှပါတယ်။ အဆုံးမရှိတဲ့ အမှောင်ထဲကို ကြည့်နေမိတဲ့ အချိန်တွေက အရာရာကို မိန်းမောမိသွားစေပါတယ်။ အဲဒီအရာကြီးက ကြောက်မက်ဖွယ် ဖြစ်သလို၊ လူသားတွေ ဆက်လက်ရှာဖွေလိုတဲ့ စိတ်ဓာတ်နဲ့ အလွန်လိုက်ဖက်ပါတယ်။


ကျွန်တော် တစ်ယောက်ထဲရဲ့ အမြင်မှာဆိုရင်တော့ အာကာသနဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်းမျိုးမှာဆိုရင်တော့ အကောင်းဆုံးရုပ်ရှင်လို့ပဲပြောပါရစေ။



AP