၂၀၁၈ ခုနှစ်က HBO ကနေ ထုတ်လွှင့်ခဲ့တဲ့ Sharp Objects ဟာ Gone Girl ကို ရေးသားခဲ့တဲ့ စာရေးဆရာမ Gillian Flynn ရဲ့ ပွဲဦးထွက် Novel ကို အခြေခံထားတဲ့ Psychological Mystery Limited Series ကောင်းတစ်ခု ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ သာမန် "လူသတ်သမားကို လိုက်ဖမ်းတဲ့" စုံထောက်ကားမျိုး မဟုတ်ဘဲ၊ မိသားစုတွင်းက အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေး၊ စိတ်ဒဏ်ရာ နဲ့ အမျိုးသမီးတွေရဲ့ အမှောင်ဖက်ခြမ်း အမုန်းတရားတွေကို ခါးခါးသီးသီး ဖွင့်ချပြသသွားတဲ့ Slow-burn Psychological Thriller လက်ရာမွန်တစ်ခု ဖြစ်ပါတယ်။

 ဇာတ်လမ်းအကျဥ်းကတော့ Camille Preaker (Amy Adams) ဟာ စိတ္တဇဝေဒနာ ခံစားနေရပြီး အရက်စွဲနေတဲ့ မှုခင်းသတင်းထောက် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမရဲ့ ဇာတိမြို့လေးဖြစ်တဲ့ Missouri ပြည်နယ်က Wind Gap မြို့လေးမှာ ကောင်မလေး နှစ်ယောက် ဆက်တိုက် အသတ်ခံရတဲ့ မှုခင်းတစ်ခု ဖြစ်ပွားခဲ့တာကြောင့် Camille တစ်ယောက် သတင်းသွားယူဖို့ တာဝန်ပေးခြင်း ခံရပါတယ်။

Wind Gap မြို့လေးကို ပြန်ရောက်တဲ့အခါ Camille ဟာ သူမ ငယ်ငယ်ကတည်းက ထွက်ပြေးခဲ့ရတဲ့ စိတ်ဒဏ်ရာတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဩဇာအာဏာကြီးပြီး အမြဲတမ်း ပြီးပြည့်စုံနေချင်တဲ့ အမေဖြစ်သူ Adora (Patricia Clarkson)၊ ပြီးတော့ သူမနဲ့ အမေတူအဖေကွဲ ညီမလေးဖြစ်ပြီး တစ်ဖက်မှာ လိမ္မာချင်ယောင်ဆောင်ကာ ကွယ်ရာမှာ ဆိုးသွမ်းတတ်တဲ့ Amma (Eliza Scanlen) တို့နဲ့ တစ်အိမ်တည်း ပြန်လည်ရင်ဆိုင်ရပါတော့တယ်။ လူသတ်မှုကို လိုက်လံစုံစမ်းရင်းနဲ့ Camille ဟာ သူမ ကိုယ်တိုင် ဖုံးကွယ်ထားတဲ့ အတိတ်က အမှောင်ထုတွေ၊ ဒဏ်ရာဟောင်းတွေနဲ့ မြို့ကလေးရဲ့ ပုပ်ပွနေတဲ့ လျှို့ဝှက်ချက်တွေကို တစ်စစ ချဉ်းကပ်မိသွားတဲ့အခါမှာတော့...။

ဒီဇာတ်လမ်းရဲ့ အသက်ကတော့ Camille ရဲ့ စိတ်အခြေအနေပါပဲ။ အတိတ်က ညီမလေး သေဆုံးသွားခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် သူမဟာ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်တဲ့အကျင့် ရှိပြီး ခန္ဓာကိုယ်အနှံ့မှာ စကားလုံးတွေကို ဓားနဲ့ မွှန်းပြီး ရေးထွင်းထားတတ်ပါတယ်။ ဒါရိုက်တာ Jean-Marc Vallée ဟာ Camille ရဲ့ ခေါင်းထဲက အတွေးတွေ၊ အတိတ်က အမှတ်တရအရိပ်အယောင်တွေ ကို တည်းဖြတ်မှုက အလွန်ဆန်းသစ်ပြောင်မြောက်စွာနဲ့ ပရိသတ်တွေပါ Camille နဲ့အတူ ရူးကြောင်ကြောင် ဖြစ်သွားမတတ် ခံစားရအောင် ပုံဖော်ပေးထားပါတယ်။

Sharp Objects ဟာ အချိန်ပေးပြီး ဇာတ်လမ်းရဲ့ အငွေ့အသက်ထဲ မျောဝင်သွားရမယ့် Series မျိုး ဖြစ်ပါတယ်။ တစ်ပိုင်းချင်းစီမှာ ပဟေဠိအပိုင်းအစတွေကို ဖြည်းဖြည်းချင်း ချပြသွားပြီး၊ နောက်ဆုံးအပိုင်းရဲ့ နောက်ဆုံးစက္ကန့်ပိုင်းမှာ ပြသသွားမယ့် Twist ကတော့ သင့်ကို ပါးစပ်အဟောင်းသားနဲ့ ကျောချမ်းပြီး ကျန်ရစ်ခဲ့စေမှာ သေချာပါတယ်။ (Pro Tip: နောက်ဆုံး Episode ပြီးရင် Mid-credits scenes တွေကို လုံးဝမကျော်ဘဲ ကြည့်ဖို့ သတိပြုပါ!)

My Rating: 9 / 10

AP