Sci-Fi ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးနဲ့ အလွှမ်းမိုးနိုင်ဆုံး ဇာတ်ကားတစ်ကားဖြစ်တဲ့ "Planet of the Apes" (1968)  တင်ဆက်ပေးချင်ပါတယ်။ ပြင်သစ်စာရေးဆရာ Pierre Boulle ရဲ့ ဝတ္ထုကို အခြေခံပြီး နာမည်ကြီး "The Twilight Zone" ရဲ့ ဖန်တီးရှင် Rod Serling က ဇာတ်ညွှန်းရေးသားကူညီထားတာကြောင့် ဇာတ်လမ်းဖွဲ့စည်းပုံက အတော်လေး ကျစ်လစ်ပြီး ဆွဲဆောင်မှုရှိပါတယ်။

အာကာသယာဉ်မှူး Taylor (Charlton Heston) ဦးဆောင်တဲ့ အဖွဲ့ဟာ အလင်းထက်မြန်တဲ့ အာကာသခရီးစဉ်တစ်ခုကနေ ကမ္ဘာဦးခေတ်လို ခြောက်သွေ့ဆိတ်သုဉ်းနေတဲ့ ဂြိုဟ်တစ်ခုပေါ်ကို ပျက်ကျသွားခဲ့ပါတယ်။ အဲဒီဂြိုဟ်ပေါ်မှာ ထူးဆန်းတာက လူသားတွေဟာ စကားမပြောနိုင်၊ အသိဉာဏ်မရှိဘဲ တိရစ္ဆာန်တွေလို အရိုင်းအစိုင်းဘဝနဲ့ ရှင်သန်နေကြပြီး မျောက်ဝံ (Apes) တွေကတော့ အဝတ်အစားတွေဝတ်၊ စကားပြောနိုင်ပြီး ယဉ်ကျေးမှုထွန်းကားတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ထားတာကို တွေ့လိုက်ရတဲ့အခါမှာတော့...

မျောက်ဝံတွေဟာ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရတာဖြစ်ပြီး လူသားဆိုတာ အသိဉာဏ်မရှိတဲ့ အောက်တန်းစားတိရစ္ဆာန်သာဖြစ်တယ်" ဆိုတဲ့ သူတို့ရဲ့ သန့်ရှင်းသောကျမ်းစာ (Sacred Scrolls) ယုံကြည်ချက်ကို သိပ္ပံနည်းကျ စောဒကတက်လာတဲ့ Taylor ကြောင့် Ape ခေါင်းဆောင်တွေ ထိတ်လန့်သွားကြပါတယ်။

၁၉၆၈ ခုနှစ်ရဲ့ နည်းပညာအရ CGI မရှိသေးတဲ့အတွက် မိတ်ကပ်ပညာရှင် John Chambers ရဲ့ လက်ရာ (Prosthetic Makeup) တွေဟာ အော်စကာအထူးဆု ရရှိခဲ့ပါတယ်။ မျောက်ဝံတွေရဲ့ မျက်နှာအမူအရာဟာ အသက်ဝင်ပြီး စကားပြောတဲ့အခါ သဘာဝကျပါတယ်။ 

ဒီရုပ်ရှင်ရဲ့ အကောင်းဆုံးအပိုင်းကတော့ ရုပ်ရှင်သမိုင်းမှာ အကျော်ကြားဆုံးဖြစ်ခဲ့ရတဲ့ Twist Ending ပါပဲ။ Taylor ဟာ မျောက်ဝံတွေရဲ့ နယ်မြေကနေ လွတ်မြောက်ပြီး ကမ်းခြေတစ်ခုအတိုင်း မြင်းစီးသွားရင်း သဲထဲမှာ တစ်ဝက်တစ်ပျက် နစ်မြုပ်နေတဲ့ လေဘာတီရုပ်တု ကို တွေ့သွားခဲ့ပါတယ်။

သူရောက်နေတာ တခြားဂြိုဟ်မဟုတ်ဘဲ နျူကလီးယားစစ်ပွဲကြောင့် ပျက်စီးသွားခဲ့တဲ့ ကမ္ဘာကြီး ဖြစ်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့ Taylor ရဲ့ စိတ်ပျက်အားငယ်စွာနဲ့ အော်ဟစ်ငိုကြွေးတဲ့အခန်းဟာ စစ်အေးတိုက်ပွဲခေတ်က လူသားတွေရဲ့ အချင်းချင်း ဖျက်ဆီးလိုစိတ်ကို ပြင်းပြင်းထန်ထန် သတိပေးခေါင်းလောင်းထိုးလိုက်တာပဲ ဖြစ်ပါတယ်။

Rating 9/10


AP