The Skeleton Key (2005) ဟာ Southern Gothic စတိုင် အငွေ့အသက်တွေနဲ့ ရိုက်ကူးထားပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် Psychological Supernatural Thriller ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဒီကားရဲ့ အဓိက ထူးခြားချက်ကတော့ ဇာတ်ရှိန်ကို တောက်လျှောက် အေးအေးဆေးဆေးနဲ့ ဆွဲခေါ်သွားပြီးမှ ဇာတ်လမ်းအဆုံးသတ်မှာ ပရိသတ်တွေ လုံးဝ (လုံးဝ) ထင်မထားမိစေမယ့် Plot Twist ကြီးနဲ့ ရိုက်ခတ်သွားတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် Caroline Ellis (Kate Hudson) ဟာ ဆေးရုံတွေရဲ့ စီးပွားရေးဆန်တဲ့ လုပ်ငန်းခွင်ကို စိတ်ပျက်ပြီး သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်တဲ့ သီးသန့်သူနာပြု (Hospice Nurse) အဖြစ် ပြောင်းလဲလုပ်ကိုင်သူ ဖြစ်ပါတယ်။ သူမဟာ Louisiana ပြည်နယ်က နာမည်ကြီးပြီး လျှို့ဝှက်ချက်တွေပြည့်နှက်နေတဲ့ New Orleans ရဲ့ စိမ့်တော အနီးက အိမ်ကြီးတစ်အိမ်မှာ လေဖြတ်နေတဲ့ အဘိုးအို Ben Devereaux (John Hurt) ကို ပြုစုဖို့ အလုပ်ရခဲ့ပါတယ်။

အဲဒီအိမ်ကြီးမှာ Ben ရဲ့ ဇနီးဖြစ်သူ Violet (Gena Rowlands) လည်း အတူရှိနေပြီး အိမ်ထဲက တံခါးမှန်သမျှကို ဖွင့်နိုင်တဲ့ သော့တစ်ချောင်းကို Caroline ကို ပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ရဲ့ အပေါ်ထပ်က ထပ်ခိုးခန်း ထဲက တံခါးကိုတော့ အဲဒီသော့နဲ့ ဖွင့်လို့မရဘဲ ထူးဆန်းစွာ ပိတ်နေခဲ့ပါတယ်။

Caroline ဟာ လေဖြတ်နေတဲ့ အဘိုးအို Ben ရဲ့ မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုတွေကို မြင်တွေ့ရပြီး သူဟာ ရောဂါကြောင့် လေဖြတ်တာမဟုတ်ဘဲ တစ်ခုခုကို အသည်းအသန် ကြောက်လန့်နေမှန်း ရိပ်မိသွားပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအိမ်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ ကျော်က လူမည်းအစေခံလင်မယား (Papa Justify နဲ့ Mama Cecile) တို့ရဲ့ Hoodoo အောက်လမ်းနည်းပညာတွေနဲ့ ပတ်သက်နေမှန်း Caroline တစ်ယောက် စတင်သိရှိလာပြီး ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဒီကားရဲ့ အားသာချက်ကတော့ New Orleans ရဲ့ စိမ့်တောဖက်က အိမ်ကြီးတွေ၊ မိုးအုံ့အုံ့ ရာသီဥတုနဲ့ Hoodoo ပညာ ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပတ်ဝန်းကျင်ကို ပီပြင်အောင် ဖန်တီးနိုင်တာပဲ ဖြစ်ပါတယ်။ ကြောက်စရာ မျက်နှာကြီးတွေ ဖြတ်ပြတာမျိုး ထက်၊ ပရိသတ်ကို စိတ်မသက်မသာဖြစ်အောင် သရဲခြောက်တဲ့ ရသမျိုး ကို ပေးစွမ်းနိုင်ပါတယ်။

ဒီကားရဲ့ အကောင်းဆုံး အပိုင်းကတော့ အဆုံးသတ်ပိုင်းပဲ ဖြစ်ပါတယ်။ ရုပ်ရှင်အစကနေ အလယ်အထိ အေးအေးဆေးဆေး သွားနေတယ်လို့ ထင်ရပေမဲ့ နောက်ဆုံး မိနစ် ၃၀ မှာတော့ ဇာတ်ကွက်တွေ အကုန်လုံး ဗြောင်းဆန်သွားပြီး အဖြေပေါ်သွားတဲ့အခါ... "ဪ... ဒါကြောင့်မို့လို့ ကိုး" ဆိုပြီး နောက်တစ်ခေါက် ပြန်ကြည့်ရလောက်အောင်ကို ဇာတ်ညွှန်းက အကွက်စေ့လွန်းပါတယ်။

ဒီဇာတ်ကားကို Inception, Shutter Island, Get Out တို့လိုမျိုး ဇာတ်သိမ်း Plot Twist လန်းလန်းတွေကို ကြိုက်နှစ်သက်သူများ၊ လျှို့ဝှက်ဆန်းကြယ် သဘာဝလွန် သည်းထိတ်ရင်ဖိုကား ကြိုက်သူများ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ Classic Mystery / Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Rating: 7.5 / 10


AP