Simpsons Season ဟာ အခုလက်ရှိ ကျနော်တို့ မြင်တွေ့နေရတဲ့ ခေတ်သစ် Simpsons ကားတွေနဲ့ ရုပ်ထွက်ရော၊ ဇာတ်ကောင်စရိုက်တွေပါ အများကြီး ကွဲပြားနေတဲ့ သမိုင်းဝင် Season တစ်ခု ဖြစ်ပါတယ်။ 

ဇာတ်လမ်းအကျဥ်းအနေနဲ့ အမေရိကန်နိုင်ငံရဲ့ Springfield မြို့လေးမှာ နေထိုင်တဲ့ Homer, Marge, Bart, Lisa နဲ့ Maggie ဆိုတဲ့ ဆင်မ်ဆန် မိသားစုရဲ့ နေ့စဉ်ဘဝ ပြဿနာမျိုးစုံကို ဟာသနှောပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဖေဖြစ်သူ Homer ရဲ့ ပေါက်ကရ လုပ်ရပ်တွေ၊ သားဖြစ်သူ Bart ရဲ့ လူဆိုးလေး ပုံစံတွေနဲ့အတူ လူလတ်တန်းစား မိသားစုတစ်ခုရဲ့ ရုန်းကန်ရမှုတွေကို ပေါ်လွင်အောင် ပုံဖော်ထားပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေက အမေရိကန်ရဲ့ လူမှုဘဝတွေ၊ မိသားစု အဆင်မပြေမှုတွေ၊ ပညာရေးနဲ့ အလုပ်အကိုင် အခြေအနေတွေကို ဟာသနဲ့ ရောပြီး တကယ့်ကို ထိထိမိမိ သရော်ထားနိုင်ပါတယ်။ ဇာတ်ကောင်တွေဟာ ပြီးပြည့်စုံမနေပါဘူး။ အမှားတွေ လုပ်တတ်ကြတယ်၊ ရန်ဖြစ်ကြတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ မိသားစု သံယောဇဉ်ကို အခြေခံပြီး အားလုံး ပြန်လည် စည်းလုံးသွားကြတာက ဒီကားရဲ့ အဓိက ဆွဲဆောင်မှုပါ။

The Simpsons Series ကို လူကြိုက်များရတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ သူတို့ရဲ့ "အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်း" ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အရင်က ရိုက်ကူးခဲ့တဲ့ ပေါက်ကရ ပြက်လုံးတွေဟာ နောက်ပိုင်းမှာ တကယ့်ပြင်ပကမ္ဘာမှာ တကယ်ဖြစ်လာခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်က ထွက်ခဲ့တဲ့ "Bart to the Future" အပိုင်းမှာ Donald Trump ဟာ အမေရိကန် သမ္မတ ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ တကယ်ပဲ သမ္မတ ဖြစ်လာခဲ့ပါတယ်။

၁၉၉၈ ခုနှစ်က အပိုင်းတစ်ခုမှာ 20th Century Fox စတူဒီယိုရဲ့ ဆိုင်းဘုတ်အောက်မှာ "Walt Disney ရဲ့ လက်အောက်ခံ ကုမ္ပဏီ" ဆိုပြီး ဟာသလုပ်ခဲ့တာပါ။ နောက်ပိုင်း ၂၀၁၉ ခုနှစ်မှာတော့ Disney က တကယ်ပဲ Fox ကို ဒေါ်လာ ၇၁ ဘီလီယံကျော်နဲ့ အပြီးအပိုင် ဝယ်ယူသွားခဲ့ပါတယ်။

The Simpsons Season 1 ဟာ အကောင်းဆုံး Season မဟုတ်ပေမဲ့ အခြေခံ အုတ်မြစ်ဖြစ်တာကြောင့် Animation သမိုင်းမှာတော့ အရေးအပါဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ လက်ရှိ ဇာတ်ကောင်တွေရဲ့ မူလဘူတ အစကို မြင်တွေ့ရမှာ ဖြစ်သလို၊ အခုခေတ် Simpsons တွေနဲ့ ဘယ်လို ကွာခြားသွားလဲဆိုတာကို နှိုင်းယှဉ်ကြည့်ချင်သူတွေအတွက်တော့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ Season တစ်ခု ဖြစ်ပါတယ်။


AP