Netflix ကရိုက်တဲ့ ဒီဇာတ်ကားက နာမည်ကြီး Horror ဒါရိုက်တာ Sam Raimi က Producer အဖြစ် ပါဝင်ထားပြီး ခန္ဓာကိုယ်လှုပ်ရှားလို့မရတော့တဲ့ အခြေအနေတစ်ခုမှာ လူသတ်သမားလက်ကနေ ဘယ်လိုရုန်းကန်ရမလဲဆိုတဲ့ ဆန်းသစ်တဲ့အိုင်ဒီယာ ကို အခြေခံထားတာပါ။

ဇာတ်လမ်းအကျဥ်းက သားဖြစ်သူ ဆုံးရှုံးသွားလို့ စိတ်ဒဏ်ရာအပြင်းအထန်ရပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ တောထဲက တောင်ကုန်းတစ်ခုပေါ် ရောက်နေတဲ့ မိခင်ဖြစ်သူ Iris နဲ့ စိတ်ဝေဒနာရှင် လူသတ်သမား Richard တို့  မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ကြရာကနေ ဇာတ်လမ်းစတင်ပါတယ်။

Richard က သူမကို စကားပြောပြီး ဖျောင်းဖျသလိုလိုနဲ့ နောက်ဆုံးမှာ ဖမ်းဆီးပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပျော့ခွေသွားစေမယ့် အကြောသေဆေး တစ်မျိုးကို ထိုးလိုက်ပါတယ်။ ထူးခြားတာက ဆေးထိုးပြီး မိနစ် ၂၀ အတွင်းမှာ အကြောတွေ တဖြည်းဖြည်းချင်း သေလာမှာဖြစ်ပြီး အဲဒီအချိန်မတိုင်ခင် Iris တစ်ယောက် ဘယ်လိုပြေးမလဲ၊ ဘယ်လိုပုန်းမလဲ၊ ခန္ဓာကိုယ် လုံးဝလှုပ်ရှားလို့ မရတော့တဲ့အချိန်မှာ ရော ဘယ်လိုဆက်ရှင်သန်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင် Don’t Move ဟာ ဇာတ်လမ်းအရှည်ကြီး မဟုတ်ဘဲ ၁ နာရီခွဲဝန်းကျင်ပဲ ရှိတာကြောင့် အချိန်ပေးရတာ တန်ပြီး ကြည့်နေစဉ်အတွင်း ပျင်းဖို့ လုံးဝမကောင်းတဲ့ ဇာတ်ကားပါ။ အဓိကကတော့ "ကိုယ့်ကိုယ်ကိုယ် သေချင်နေတဲ့သူတစ်ယောက်က တကယ်တမ်း သေဘေးနဲ့ နီးကပ်လာတဲ့အခါမှာ ဘယ်လောက်တောင် ပြန်ရှင်သန်ချင်လာလဲ" ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို Survival Element တွေနဲ့ တွဲပြီး သားနားအောင် တင်ဆက်ထားတာ ဖြစ်ပါတယ်။

Rating: 7.0 / 10


AP