၂၀၂၆ ခုနှစ်ရဲ့ အစောပိုင်း ဇန်နဝါရီလမှာ ထွက်ရှိလာတဲ့ ဒီဇာတ်ကားဟာ Fantasy Musical အမျိုးအစားဖြစ်ပြီး နာမည်ကျော် Studio Colorido နဲ့ Studio Chromato တို့က ပူးပေါင်းထုတ်လုပ်ထားတာပါ။ Jujutsu Kaisen နဲ့ Chainsaw Man တို့ရဲ့ အမိုက်စား Opening တွေကြောင့် လူသိများတဲ့ ဒါရိုက်တာ Shingo Yamashita ရဲ့ ပထမဆုံးသော ရုပ်ရှင်ရှည်ကြီးလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျပန်စာပေလောကရဲ့ အစောဆုံး ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ "The Tale of the Bamboo Cutter" (ဝါးခုတ်သမားပုံပြင်) ကို အခြေခံထားတာဖြစ်ပြီး၊ အဲဒီပုံပြင်ဟာ ရာစုနှစ်ပေါင်းများစွာတိုင်အောင် ကမ္ဘာကျော်ခဲ့တဲ့အပြင် ၂၀၁၃ ခုနှစ်က Studio Ghibli ရဲ့ လက်ရာနဲ့လည်း လူသိများခဲ့ဖူးပါတယ်။ အခု ၂၀၂၆ ဗားရှင်းမှာတော့ Yūko Natsuyoshi က Kaguya အဖြစ်လည်းကောင်း၊ Anna Nagase က Iroha အဖြစ်လည်းကောင်း အသံနဲ့ သရုပ်ဆောင်ထားပြီး၊ Saori Hayami ရဲ့ သီဆိုမှုတွေက ဇာတ်ကားကို ပိုမိုပြည့်စုံစေပါတယ်။
ဇာတ်လမ်းကတော့ ၂၀၃၀ ခုနှစ်ဝန်းကျင်က တိုကျိုမြို့ပြကြီးကို နောက်ခံထားပါတယ်။ အချိန်ပိုင်းအလုပ်နဲ့ စာသင်ခန်းကြားမှာ ဗျာများနေတဲ့ အထက်တန်းကျောင်းသူလေး Iroha ဟာ တစ်ညမှာတော့ ထူးဆန်းတဲ့ လျှပ်စစ်တိုင်တစ်ခုအတွင်းကနေ ထွက်ပေါ်လာတဲ့ ကလေးငယ်လေးတစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ အဲဒီကလေးမလေးဟာ ရက်ပိုင်းအတွင်းမှာပဲ သူမနဲ့ ရွယ်တူ မိန်းကလေးတစ်ဦးအဖြစ် လျင်မြန်စွာ ကြီးထွားလာပြီး သူမကိုယ်သူမ လကမ္ဘာကလာတဲ့ "Kaguya" ပါလို့ မိတ်ဆက်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ "Tsukuyomi" လို့ခေါ်တဲ့ Virtual World ထဲမှာ Streamer တွေအဖြစ် နာမည်ကြီးအောင် ကြိုးစားရင်း၊ မူရင်းပုံပြင်အတိုင်း လကမ္ဘာက သူမကို ပြန်ခေါ်မယ့် အန္တရာယ်တွေကြားကနေ ကံကြမ္မာကို ဘယ်လိုပြောင်းလဲဖို့ ကြိုးစားကြမလဲဆိုတာကို ရင်ခုန်စရာ ရိုက်ကူးထားပါတယ်။
"Cosmic Princess Kaguya!" ဟာ ခေတ်ဟောင်းပုံပြင်ကို ခေတ်သစ် လူငယ်တွေရဲ့ ဘဝနေထိုင်မှု၊ အင်တာနက်ယဉ်ကျေးမှုတွေနဲ့ အလှပဆုံး အစားထိုး ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။
AP
Comments: