၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ A Bug's Life ဟာ Pixar ရဲ့ ဒုတိယမြောက် လက်ရာဖြစ်ပြီး အခုအချိန်အထိ Animation လောကမှာ ဂန္ထဝင်တစ်ခုအဖြစ် တည်ရှိနေဆဲပါ။

ဇာတ်လမ်းက ပုရွက်ဆိတ်ကျွန်းလေးပေါ်မှာ အခြေခံထားပါတယ်။ အမြဲတမ်း တီထွင်ဆန်းသစ်ချင်နေတဲ့ ပုရွက်ဆိတ်လေး Flik ဟာ သူ့ရဲ့ မှားယွင်းမှုတစ်ခုကြောင့် ပုရွက်ဆိတ်တွေ စုဆောင်းပြီး ကျိုင်းကောင်တွေကိုဆက်သနေရတဲ့ ရိက္ခာတွေကို ဖျက်ဆီးမိသွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်တတ်တဲ့ ကျိုင်းကောင် အုပ်စုက ရိက္ခာတွေ ပြန်ပေးဖို့ ခြိမ်းခြောက်ပါတော့တယ်။ Flik ဟာ သူ့အမှားကို ပြန်ပြင်ဖို့နဲ့ ကျွန်းကို ကာကွယ်ဖို့ "သူရဲကောင်းစစ်သည်တော်" တွေကို လိုက်ရှာရင်း လွဲချော်ပြီး "ဆပ်ကပ်အဖွဲ့" တစ်ခုကို ခေါ်လာမိတဲ့အခါမှာတော့...။

၁၉၉၈ ခုနှစ်က နည်းပညာနဲ့ ကြည့်မယ်ဆိုရင် ဒီကားရဲ့ အလင်းအမှောင်နဲ့ အင်းဆက်တွေရဲ့ အသေးစိတ် ပုံဖော်မှုက အံ့ဩစရာပါ။ အထူးသဖြင့် မိုးရေစက်တွေ ကျလာတဲ့အခါ ပုရွက်ဆိတ်လေးတွေအတွက် ဗုံးကြဲသလို ဖြစ်နေတဲ့ မြင်ကွင်းမျိုးတွေက အရမ်းကို ဖန်တီးမှုကောင်းပါတယ်။

ဒီကားက "စည်းလုံးခြင်းဟာ အင်အား" ဆိုတာကို အဓိက ဖော်ပြပါတယ်။ အနိုင်ကျင့်သူတွေဟာ အရေအတွက် နည်းပေမဲ့ ကြောက်စိတ်ကို သုံးပြီး အနိုင်ယူတတ်ကြောင်း၊ အားလုံးရဲ့ အင်အားသာပါရင် အနိုင်ကျင့်သူတွေကို အနိုင်ယူနိုင်ကြောင်း ကလေးရော လူကြီးပါ နားလည်အောင် တင်ဆက်ထားပါတယ်။ A Bug's Life ဟာ "Toy Story" လောက် နာမည်မကြီးခဲ့ပေမဲ့ Pixar ရဲ့ အကောင်းဆုံးကားစာရင်းမှာ ထည့်ရမယ့် ကားပါ။

Rating: 8.5/10


AP