Unexpected Family ဟာ ၂၀၂၆ ခုနှစ်အတွင်းမှာ တရုတ်ရုပ်ရှင်လောကကနေ ထွက်ရှိလာတဲ့ အက်ရှင်၊ ဟာသနဲ့ မိသားစုဒရာမာ ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားမှာ ကမ္ဘာကျော်အက်ရှင်မင်းသားကြီး Jackie Chan က အဓိကပါဝင်ထားပြီး သူ့ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်မှုတွေကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 

လူငယ်လေးတစ်ယောက်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ရဲ့အဖွားအတွက် နောက်ဆုံးနားခိုရာ မြေနေရာကောင်းတစ်ခုရှာဖွေဖို့ မြို့လေးတစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီမှာတင် သူဟာ အယ်လ်ဇိုင်းမား (Alzheimer) ရောဂါ ခံစားနေရပြီး အတိတ်နဲ့ ပစ္စုပ္ပန် ရောထွေးနေတဲ့ ဘိုးဘိုးကြီး (ဂျက်ကီချမ်း) နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရပါတယ်။ ဂျက်ကီချမ်းရဲ့ ဇာတ်ကောင်ဟာ ရောဂါဝေဒနာကြောင့် သူ့ဆီလာတဲ့ လူငယ်လေးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဝေးကွာသွားခဲ့တဲ့ သူ့ရဲ့ "သားအရင်း" လို့ ထင်မှတ်မှားသွားရာကနေ စိတ်မကောင်းစရာ၊ ရယ်မောစရာနဲ့ ကြည်နူးစရာ ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ သားအရင်းမဟုတ်မှန်း သိပေမဲ့လည်း အဘိုးအိုရဲ့ မျှော်လင့်ချက်အားကိုးတကြီး အကြည့်တွေကြောင့် လူငယ်လေးဟာ သားအဖြစ် ခေတ္တသရုပ်ဆောင်ပေးရင်းကနေ ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေက ဒီဇာတ်ကားရဲ့ အသက်ပဲ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင် Unexpected Family ဟာ သွေးသားမတော်စပ်ပေမဲ့ စိတ်ချင်းနီးစပ်သွားတဲ့ လူတွေရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ "Feel Good" ဇာတ်ကားမျိုးပါ။ ဘဝရဲ့ နေဝင်ချိန်မှာ အထီးကျန်နေတဲ့ လူကြီးတွေရဲ့ အခြေအနေကို ပေါ်လွင်အောင် ရိုက်ပြထားပါတယ်။


AP