Rango ဟာ Animation လောကမှာ တကယ့်ကို ထူးထူးခြားခြားနဲ့ အရသာတစ်မျိုး ဆန်းသစ်ပြသခဲ့တဲ့ လက်ရာကောင်းတစ်ခုဖြစ်ပါတယ်။ အပေါ်ယံကြည့်ရင် ကလေးကားလို့ ထင်ရပေမယ့် တကယ်တော့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ လူကြီးတွေပါ ခိုက်သွားစေမယ့် Western ပုံစံ ဇာတ်ကားကောင်းတစ်ကားပါ။

ဇာတ်လမ်းကတော့ အိမ်မွေးတိရစ္ဆာန် ပုတ်သင်ညိုလေးတစ်ကောင် (Johnny Depp မှ အသံသရုပ်ဆောင်ထားသည်) ကနေ စတင်ထားတာပါ။ သူဟာ သူ့ကိုယ်သူ သရုပ်ဆောင်ကောင်းတစ်ယောက်လို့ သတ်မှတ်ထားပြီး စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ ရှင်သန်နေတတ်သူပါ။ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကြောင့် ကန္တာရအလယ်က Dirt လို့ခေါ်တဲ့ မြို့လေးတစ်မြို့ကို ရောက်သွားခဲ့ပါတယ်။ အဲဒီမြို့လေးကတော့ ရေရှားပါးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတာပါ။ အဲဒီမှာ ပုတ်သင်ညိုလေးဟာ သူ့ကိုယ်သူ "Rango" လို့ အမည်ပေးပြီး လူမိုက်တွေကို နှိမ်နင်းခဲ့တဲ့ ကောင်းဘွိုင်သူရဲကောင်းကြီးအဖြစ် လိမ်ညာ သရုပ်ဆောင်ပါတော့တယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ တကယ့်မြို့ရဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့ သူဟာ တကယ့်သူရဲကောင်းတစ်ယောက် ဖြစ်လာမလား၊ ဒါမှမဟုတ် အလိမ်အညာတွေ ပေါ်သွားမလားဆိုတာ ရင်ခုန်စွာ ကြည့်ရှုရမှာပါ။

သဘောကျမိတဲ့အချက်ကတော့တခြား Animation ကားတွေလို ချစ်စရာကောင်းတဲ့ ပုံစံမျိုး မဟုတ်ဘဲ တောရိုင်းကန္တာရထဲက တိရစ္ဆာန်လေးတွေရဲ့ ပုံစံကို တကယ့်ကို ကြမ်းတမ်းပြီး လက်တွေ့ဆန်ဆန် ဖန်တီးထားတာ အရမ်းလန်းပါတယ်။ ဒီ Animation လေးက ပေးချင်တဲ့ Message ရော၊ Cinematic ဖြစ်မှုရော၊ အနှစ်သာရရော အပြည့်ရှိလို့ ၂၀၁၂ ခုနှစ်မှာ Best Animated Feature အော်စကာဆုကိုပါ ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။


AP