ဇာတ်လမ်းလေးကတော့ အေးခဲနေတဲ့ အန္တာတိကတိုက်က Emperor ပင်ဂွင်းမျိုးနွယ်စုတွေအကြောင်းပါ။ သူတို့ရဲ့လောကမှာ အဖော်ရှာဖို့အတွက် "နှလုံးသားသီချင်း" (Heartsong) ဆိုတာက အဓိကကျပေမဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် ပင်ဂွင်းလေး Mumble မှာတော့ ထူးထူးခြားခြား သီချင်းဆိုနိုင်စွမ်း မရှိရှာပါဘူး။ ဒါပေမဲ့ သူ့မှာ တခြားပင်ဂွင်းတွေမှာမရှိတဲ့ ထူးခြားတဲ့ ပါရမီတစ်ခုဖြစ်တဲ့ "Tap Dance" (ခြေထောက်နဲ့ ကခြင်း) ပညာ ပါလာပါတယ်။ မိဘတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖယ်ကြဉ်ခြင်းကို ခံရပေမဲ့ Mumble ဟာ သူ့ရဲ့ မတူညီတဲ့ စွမ်းရည်ကို သုံးပြီး ပင်ဂွင်းလောကရဲ့ ငါးရှားပါးမှုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားပုံကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာပါ။ ဇာတ်ကားထဲက ပင်ဂွင်းလေးတွေရဲ့ အကအလှတွေဟာ တကယ့်လူသား အကပညာရှင်တွေရဲ့ လှုပ်ရှားမှုကို Motion Capture စနစ်နဲ့ ဖမ်းယူရိုက်ကူးထားတာဖြစ်လို့ အရမ်းကို သဘာဝကျပြီး မြူးကြွနေတာက ဒီဇာတ်ကားရဲ့ ဆွဲဆောင်မှုအရှိဆုံး အချက်ပဲ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာလေးတွေလဲ ပါဝင်လို့ ကလေးတွေအတွက် သဘာဝပတ်ဝန်းကျင်ကို အလေးထားတက်ဖို့ ဖြစ်စေမှာပါ။
ရုပ်ရှင်ရဲ့ အားသာချက်ကတော့ Visual Effects နဲ့ အသံပိုင်းဆိုင်ရာ ပေါင်းစပ်မှုပဲ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ရဲ့ နည်းပညာအရ ကြည့်မယ်ဆိုရင် ပင်ဂွင်းတွေရဲ့ အမွှေးအမျှင်လေးတွေကအစ အရမ်းကို အသေးစိတ်ကျလှပါတယ်။ ဒါ့အပြင် သီချင်းဟောင်းတွေကို ခေတ်မီအောင် ပြန်လည်ဆန်းသစ်ထားတဲ့ ဂီတပိုင်းကလည်း ပရိသတ်ကို ဇာတ်လမ်းထဲ စီးမျောသွားစေပါတယ်။ ဇာတ်လမ်းရဲ့ အဓိကပေးချင်တဲ့ "မိမိကိုယ်ကို ယုံကြည်မှုရှိပါ" နဲ့ "မတူညီကွဲပြားမှုတွေကို လက်ခံပါ" ဆိုတဲ့ Message ကလည်း ခေတ်တိုင်းအတွက် ထိရောက်တဲ့ သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။
ခြုံငုံပြောရရင် "Happy Feet" ဟာ မိသားစုလိုက် ကြည့်ရှုဖို့ အကောင်းဆုံး ရုပ်ရှင်တစ်ခုဖြစ်ပြီး စိတ်ခွန်အားပေးနိုင်တဲ့ ဇာတ်ကားမျိုး ဖြစ်ပါတယ်။ အထူးသဖြင့်-
Animation ချစ်သူများ
ဂီတနဲ့ အကအလှကို ဝါသနာပါသူများ အတွက် ကြည့်သင့်တဲ့ ဇာတ်ကားပါ။
Comments: