၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ပထမဇာတ်ကားထွက်ပြီး ၁၃ နှစ်အကြာမှ ပြန်လည်ကြည့်ရှုခဲ့ရတဲ့ ဒါရိုက်တာ James Cameron ရဲ့ "Avatar: The Way of Water" ရုပ်ရှင် Review ကို တင်ပြပေးလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Pandora ဂြိုဟ်ရဲ့ တောအုပ်ကြီးတွေကနေ အဆုံးမဲ့သမုဒ္ဒရာ ကမ္ဘာဆီကို ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပထမဇာတ်ကားရဲ့ အဖြစ်အပျက်တွေအပြီး ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ Jake Sully နဲ့ Neytiri တို့ဟာ သားသမီးတွေနဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားကြပါတယ်။ ဒါပေမဲ့ လူသားတွေ (Sky People) ဟာ Pandora ဂြိုဟ်ကို အခြေချ နေထိုင်ဖို့အတွက် ပိုမိုအင်အားတောင့်တင်းစွာနဲ့ တစ်ကျော့ပြန် ကျူးကျော်လာကြပါတယ်။

ဒီတစ်ကြိမ်မှာတော့ Jake Sully ကို လက်စားချေဖို့အတွက် အထူးတာဝန်ပေးခံရတဲ့ ဗိုလ်မှူးကြီး Miles Quaritch က လိုက်လံအမဲလိုက်ပါတော့တယ်။ မိသားစုနဲ့ မျိုးနွယ်စုကို အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် Jake ဟာ သူတို့နေထိုင်ရာ တောအုပ်ကို စွန့်ခွာပြီး သမုဒ္ဒရာကမ်းခြေမှာ နေထိုင်ကြတဲ့ Metkayina (ရေမျိုးနွယ်စု) တွေဆီမှာ ခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။

တောတွင်းသားတွေဖြစ်တဲ့ Sully ရဲ့ မိသားစုဟာ ရေကမ္ဘာရဲ့ ရှင်သန်မှုနည်းလမ်းတွေဖြစ်တဲ့ အသက်ရှူအောင့်ခြင်း၊ ရေကူးခြင်းနဲ့ ရေနေသတ္တဝါတွေကို စီးနင်းခြင်း စတဲ့ "The Way of Water" (ရေရဲ့ နည်းလမ်း) တွေကို အစကနေ ပြန်သင်ယူရင်း ရန်သူတွေရဲ့ ရန်ကို ဘယ်လိုခုခံမလဲဆိုတာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ CGI ကတော့ ပြောစရာမရှိအောင် ပြီးပြည့်စုံလွန်းပါတယ်။ အထူးသဖြင့် ရေအောက်လှုပ်ရှားမှုတွေ၊ ရေလှိုင်းတွေရဲ့ သဘာဝကျမှုနဲ့ သတ္တဝါကြီးတွေရဲ့ အသေးစိတ် ပုံဖော်ထားမှုတွေက တကယ့်ကို အံ့မခန်းပါပဲ။ 3D နဲ့ကြည့်ရင် ပိုပြီးတော့တောင် ရသမြောက်ပါတယ်။

ပထမကားက အချစ်ဇာတ်လမ်းကို အခြေခံခဲ့ရင် ဒီကားကတော့ "မိသားစုကို ကာကွယ်ခြင်း" ဆိုတဲ့ Themes ကို အဓိကထားပါတယ်။ ဖခင်တစ်ယောက်ရဲ့ တာဝန်သိတတ်မှုနဲ့ သားသမီးတွေရဲ့ အမှားအမှန် ခွဲခြားတတ်လာပုံတွေကို ကောင်းကောင်း ပုံဖော်ထားပါတယ်။

နော်ဆုံး သုံးသပ်ချပ်အနေနဲ့  Avatar: The Way of Water ဟာ ဇာတ်လမ်းဆန်းသစ်မှုထက် Cinema Experience ကို အမြင့်မားဆုံး ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကြီး ဖြစ်ပါတယ်။ နည်းပညာပိုင်းမှာတော့ လက်ရှိအချိန်အထိ ထိပ်ဆုံးမှာ ရှိနေဆဲ ဖြစ်ပါတယ်။

AP