၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ရုံတင်ပြသခဲ့ပြီး ဒါရိုက်တာ James Cameron ရဲ့ နာမည်ကြီး သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် စီးရီးရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ "Avatar: Fire and Ash"ဟာ အရင်ကားတွေလို တောအုပ်တွေ၊ သမုဒ္ဒရာတွေတင်မကဘဲ မီးတောင်ဒေသက ကြမ်းတမ်းတဲ့ မျိုးနွယ်စုသစ်တစ်ခုနဲ့ မိတ်ဆက်ပေးထားပါတယ်။

ဇာတ်လမ်းက ဒုတိယကား The Way of Water ရဲ့ အဖြစ်အပျက်တွေအပြီးမှာ ဆက်လက်အခြေခံထားပါတယ်။ Jake Sully နဲ့ Neytiri တို့ဟာ သားကြီး Neteyam ကို ဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ရင်ဆိုင်နေရဆဲဖြစ်ပြီး မိသားစုကို ဆက်လက်ကာကွယ်ဖို့ ကြိုးစားနေကြပါတယ်။

အဓိက ဇာတ်အိမ်အပြောင်းအလဲကတော့ သူတို့ မွေးစားထားတဲ့ လူသားကလေးငယ် Spider နဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတာပါ။ Pandora ရဲ့ လေထုထဲမှာ အသက်ရှူစက် မလုံလောက်မှုကြောင့် Spider ကို ဘေးကင်းရာရွှေ့ပြောင်းဖို့ ကြိုးစားရာကနေ Mangkwan လို့ခေါ်တဲ့ အလွန်ကြမ်းတမ်းပြီး ရက်စက်တဲ့ "Ash People" (ပြာမျိုးနွယ်စု) တွေရဲ့ တိုက်ခိုက်ခြင်းကို ခံရပါတယ်။

ဒီမျိုးနွယ်စုရဲ့ ခေါင်းဆောင် Varang ဟာ အရင်က တွေ့ခဲ့ရတဲ့ Na'vi တွေလို သဘာဝတရားနဲ့ 'Eywa' နတ်ဘုရားကို မကိုးကွယ်တော့ဘဲ မီးတောင်ပေါက်ကွဲမှုအပြီးမှာ သူတို့ကို စွန့်ပစ်ခဲ့တယ်လို့ ယူဆကာ ပျက်သုဉ်းခြင်းနဲ့ သွေးထွက်သံယိုတွေကိုသာ ယုံကြည်သူတွေ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အခွင့်အရေးစောင့်နေတဲ့ ဗိုလ်မှူးကြီး Quaritch က ဒီ Ash People တွေနဲ့ ပူးပေါင်းပြီး Jake Sully ရဲ့ မိသားစုကို ထပ်မံခြေမှုန်းဖို့ ကြိုးစားလာပါတော့တယ်။

ယခင်ကားတွေက Na'vi တွေဟာ သဘာဝတရားကို ချစ်မြတ်နိုးတဲ့ "လူကောင်း" တွေအဖြစ် မြင်ခဲ့ရပေမဲ့၊ ဒီကားမှာတော့ ရက်စက်ပြီး ဒေါသကြီးတဲ့ Na'vi ဗီလိန်တွေကို ပထမဆုံးအကြိမ် မြင်တွေ့ရတာက ဇာတ်လမ်းကို ပိုမိုဆန်းသစ်သွားစေပါတယ်။ James Cameron ဟာ Pandora ရဲ့ ကောင်းကင်ယံက ဧရာမ ပျံသန်းနိုင်တဲ့ သတ္တဝါကြီးတွေ၊ လေထုထဲမှာ စီးနင်းနိုင်တဲ့ သင်္ဘောတွေနဲ့ မီးတောင်ဒေသရဲ့ အလှတရားတွေကို CGI အပြည့်နဲ့ အံ့မခန်း ဆက်လက်ပုံဖော်သွားပါတယ်။

"Avatar: Fire and Ash" ဟာ ရုပ်ရှင်လောကရဲ့ ထိပ်တန်း Visual Effects တွေနဲ့ ရင်သပ်ရှုမောဖွယ်ရာတွေကို ပေးစွမ်းနိုင်တုန်းပါပဲ။ ဒါပေမဲ့ ဇာတ်လမ်းပိုင်းမှာတော့ အရင်ထက် သိသိသာသာ ဆန်းသစ်မလာဘဲ နည်းနည်း ရိုးအီသလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ဖန်တီးမှု နည်းပညာကို ခံစားချင်သူတွေအတွက်တော့ အကြိုက်တွေ့စေဦးမယ့် ဇာတ်ကားကြီး ဖြစ်ပါတယ်။


AP