၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ AntZ ဇာတ်ကားဟာ DreamWorks ရဲ့ ပထမဆုံးသော 3D Animated ဇာတ်ကားဖြစ်သလို ထိုခေတ်ကာလက ကာတွန်းရုပ်ရှင်လောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့ လက်ရာတစ်ခုပါ။ ဒီဇာတ်ကားဟာ အခြားသော ကလေးအကြိုက် ကာတွန်းတွေနဲ့မတူဘဲ စိတ်ကူးယဉ်ဆန်မှုထက် လက်တွေ့ကျတဲ့ လူမှုဘဝပုံစံကို အသားပေးထားပါတယ်။ ဒီကားမှာ အသံသရုပ်ဆောင်တွေအဖြစ် ဟောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသားကြီး Woody Allen က အဓိကဇာတ်ကောင် Z အဖြစ် ပါဝင်ထားပြီး၊ Sharon Stone, Sylvester Stallone, နဲ့ Gene Hackman တို့လို နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာက အားဖြည့်ပေးထားတာကြောင့် ဇာတ်ကောင်တွေရဲ့ အသက်ဝင်မှုက ထူးခြားလှပါတယ်။

ဇာတ်လမ်းကတော့ ပုရွက်ဆိတ်တပ်စုကြီးတစ်ခုထဲမှာ ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးနေပြီး စိတ်ဓာတ်ကျနေတဲ့ အလုပ်သမားပုရွက်ဆိတ်လေး Z အကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ စနစ်တကျ သတ်မှတ်ထားတဲ့ ပုရွက်ဆိတ်ဘောင်ထဲမှာ မနေချင်ဘဲ လွတ်လပ်မှုကို ရှာဖွေသူပါ။ တိုက်တိုက်ဆိုင်ဆိုင် မင်းသမီး Bala နဲ့ ဆုံတွေ့ရာကနေ သူဟာ စစ်သည်ပုရွက်ဆိတ်တစ်ယောက်အဖြစ် အသွင်ပြောင်းပြီး စစ်မြေပြင်ကို ရောက်သွားခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ပုရွက်ဆိတ်အသိုင်းအဝိုင်းတစ်ခုလုံးကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ဖို့ ကြံစည်နေတဲ့ ဗိုလ်ချုပ်ကြီး Mandible ရဲ့ အစီအစဉ်ဆိုးတွေကို သိရှိသွားပြီး၊ ပုရွက်ဆိတ်လေး Z တစ်ယောက် ဘယ်လိုမျိုး အခက်အခဲတွေကို ကျော်ဖြတ်ပြီး သူရဲကောင်းဖြစ်လာမလဲဆိုတာကို ရင်ခုန်စရာ မြင်တွေ့ရမှာပါ။

ဒီဇာတ်ကားရဲ့ အားသာချက်ကတော့ ဇာတ်လမ်းရဲ့ Theme ပါပဲ။ "တစ်ဦးချင်းစီရဲ့ လွတ်လပ်မှု" နဲ့ "အဖွဲ့အစည်းရဲ့ စည်းကမ်း " ကြားက ပဋိပက္ခကို ပေါ်လွင်အောင် ရိုက်ပြနိုင်ခဲ့ပါတယ်။ Woody Allen ရဲ့ ထူးခြားတဲ့ စကားပြောဟန်တွေက ဇာတ်ကောင် Z ကို ပိုပြီး လူသားဆန်စေသလို၊ နောက်ခံတေးဂီတနဲ့ Cinematic ဖြစ်တဲ့ မြင်ကွင်းတွေကလည်း ကောင်းမွန်ပါတယ်။ အထူးသဖြင့် ပုရွက်ဆိတ်တွေရဲ့ အမြင်နဲ့ လူသားကမ္ဘာကို ကြည့်တဲ့ Perspective တွေက အရမ်းကို ဖန်တီးမှုအားကောင်းပါတယ်။

Animation ပိုင်းမှာတော့ ၁၉၉၈ က နည်းပညာဖြစ်တဲ့အတွက် အခုခေတ် ကာတွန်းတွေနဲ့ ယှဉ်ရင် အရောင်အသွေးပိုင်းက အနည်းငယ် မှောင်ပြီး ကြမ်းတမ်းတယ်လို့ ခံစားရနိုင်ပါတယ်။ နောက်ပြီး ဇာတ်လမ်းရဲ့ လေသံက ကလေးတွေအတွက်ထက် လူကြီးတွေအတွက် ပိုပြီး ရည်ရွယ်ထားသလို ဖြစ်နေတာကြောင့် ကလေးငယ်လေးတွေ နားလည်ဖို့ အနည်းငယ် ခက်ခဲနိုင်တဲ့ အချက်ကလည်း သတိပြုစရာပါ။

ခြုံငုံပြောရရင် Antz ဟာ ရိုးရိုးကာတွန်းကားတစ်ကားထက် ပိုပါတယ်။ လူမှုအဖွဲ့အစည်းရဲ့ အလွှာအသီးသီးက ရုန်းကန်မှုတွေ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ရဲ့ တန်ဖိုးတွေကို ပညာသားပါပါ တင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။

AP