The Addams Family ထဲက နာမည်ကြီး ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Wednesday Addam ကို အခြေခံပြီး နာမည်ကြီး ဒါရိုက်တာ Tim Burton နဲ့ Netflix တို့ ပူးပေါင်းဖန်တီးထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ တကယ့်ကို ရေပန်းစား လူကြိုက်များခဲ့ပါတယ်။

ဇာတ်လမ်းအကျဥ်းအနေနဲ့ Wednesday က သူမရဲ့ မောင်လေးကို လာအနိုင်ကျင့်တဲ့ ကျောင်းသားတွေကို လက်စားချေရာကနေ ကျောင်းထုတ်ခံလိုက်ရတဲ့ Wednesdayဟာ သူမရဲ့ မိဘတွေဖြစ်တဲ့ Gomez နဲ့ Morticia တို့ အရင်က တက်ခဲ့ဖူးတဲ့ Nevermore Academy ဆိုတဲ့ ကျောင်းကို ပြောင်းရွှေ့ပညာသင်ကြားရပါတော့တယ်။

ဒီ Nevermore ဆိုတာကတော့ သာမန်လူတွေ (Normies) နဲ့ မတူဘဲ ထူးခြားတဲ့ စွမ်းအားတွေရှိတဲ့ အပယ်ခံတွေ (Outcasts) ဖြစ်ကြတဲ့ သွေးစုပ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ ရေသူမ စတာတွေ တက်ရောက်တဲ့ ကျောင်းဖြစ်ပါတယ်။ အစပိုင်းမှာ ကျောင်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ကျောင်းအနီးက တောအုပ်ထဲမှာ ဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့ လူသတ်မှုတွေနဲ့ သူမရဲ့ မိဘတွေအတိတ်က ပတ်သက်ခဲ့တဲ့ လျှို့ဝှက်ချက်တွေကို စုံစမ်းဖို့အတွက် Wednesdayက ကျောင်းမှာပဲ ဆက်နေပြီး စုံထောက်တစ်ယောက်လို လိုက်လံဖော်ထုတ်ပါတော့တယ်။

ဒီစီးရီးရဲ့ အောင်မြင်မှု အခရာကတော့ Jenna Ortega(Wednesday Addam) ပါပဲ။ မျက်တောင်မခတ်တမ်း စိုက်ကြည့်တတ်တဲ့ အကြည့်တွေ၊ အေးစက်စက်နဲ့ ခနဲ့တဲ့တဲ့ ပြောတတ်တဲ့ ဒိုင်ယာလော့ခ်တွေနဲ့ Wednesday ရဲ့ ပုံစံကို အသက်ဝင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူမရဲ့ ကျောင်းကပွဲက အကအလှဆိုရင် TikTok နဲ့ Social Media တွေမှာ အရမ်းကို Viral ဖြစ်ခဲ့ပါတယ်။

အရောင်အသွေး စုံလင်တာကို ကြိုက်ပြီး တက်ကြွလွန်းတဲ့ အခန်းဖော် သမန်းဝံပုလွေမလေး Enid နဲ့ Gothic ပုံစံနေတက်ပြီး အေးစက်နေတဲ့ Wednesday တို့ရဲ့ ဆန့်ကျင်ဘက် သူငယ်ချင်း သံယောဇဉ်က ကြည့်ရတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒါ့အပြင် လက်ပြတ်လေး Thing ရဲ့ ဇာတ်ပို့ခန်းတွေကလည်း တကယ်ကို အားရစရာ ကောင်းပါတယ်။

ခြုံပြောရရင်တော့ Wednesday Season 1 ဟာ Dark ဖက်ကိုသွားပေမဲ့လည်း ပေါ့ပေါ့ပါးပါးနဲ့ စွဲမက်ဖွယ်ကောင်းအောင် ဖန်တီးထားတဲ့ Entertaining အပြည့်ရှိတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ Addams Family ရဲ့ အငွေ့အသက်ကို ခေတ်သစ် High School Mystery ပုံစံနဲ့ ပေါင်းစပ်ထားတာမို့ အချိန်ပေးပြီး ကြည့်ရကျိုး တန်ပါတယ်။

AP