Triangle (2009) ဟာ psychological horror နဲ့ mind-bending ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် လက်မလွတ်သင့်တဲ့ လက်ရာတစ်ခုပါ။ ဒီကားက ရိုးရိုး slasher ကားတစ်ကားလို စတင်ပေမဲ့ နောက်ပိုင်းမှာ ထင်မှတ်မထားတဲ့ psychological နက်နဲမှုတွေနဲ့ Greek mythology အငွေ့အသက်တွေကို ပေါင်းစပ်ပြသွားတာက တကယ်ကို ချီးကျူးစရာပါ။

ဇာတ်လမ်းအကျဥ်းက Jess ဆိုတဲ့ မိခင်တစ်ယောက်ဟာ သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ ရွက်လှေစီးထွက်ခဲ့ရာကနေ ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး လှေမှောက်သွားခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ဘေးကနေ ဖြတ်မောင်းလာတဲ့ Aeolus ဆိုတဲ့ သင်္ဘောကြီးတစ်စင်းပေါ်ကို တက်ပြီး အကူအညီတောင်းခဲ့ကြပေမဲ့ သင်္ဘောကြီးက လူသူကင်းမဲ့ပြီး ခြောက်ခြားစရာကောင်းနေပါတယ်။ အဲဒီနောက်မှာတော့ မျက်နှာဖုံးစွပ် လူသတ်သမားတစ်ယောက်ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရရင်း Jess တစ်ယောက် မဆုံးနိုင်တဲ့ Time Loop ထဲမှာ ပိတ်မိသွားပါတော့တယ်။

ဒီကားရဲ့ အဓိက Theme က ဂရိဒဏ္ဍာရီထဲက Sisyphus အကြောင်းကို အခြေခံထားတာပါ။ Sisyphus ဟာ နတ်ဘုရားတွေကို လှည့်စားခဲ့လို့ တောင်ပေါ်ကို ကျောက်တုံးကြီး တွန်းတင်ရတဲ့ အပြစ်ဒဏ်ကို ထာဝရပေးဆပ်နေရသလိုပဲ၊ ဇာတ်လိုက် Jess ဟာလည်း သူမရဲ့ အမှားတစ်ခုကြောင့် မဆုံးနိုင်တဲ့ စက်ဝန်းထဲမှာ ထပ်ခါတလဲလဲ ပေးဆပ်နေရတာကို ရိုက်ပြထားတာ တကယ်ကို ရင်နင့်စရာကောင်းပါတယ်။

ပရိသတ်ကို "ဒါက Slahser (လူသတ်) ကားတစ်ကားပဲ" လို့ ထင်အောင် လှည့်စားထားပြီးမှ တကယ်တမ်းမှာ Time Loop Paradox နဲ့ Psychological Thriller ဖြစ်နေတာကို တဖြည်းဖြည်းချင်း ဖော်ပြသွားတာပါ။ ဇာတ်လမ်းအလယ်လောက်မှာတင် ပရိသတ်ကို အံ့အားသင့်သွားစေမယ့် အလှည့်အပြောင်းတွေ ပါဝင်ပါတယ်။ ပထမတစ်ခေါက် ကြည့်ပြီးသွားရင် "ဪ... ဒါကြောင့် ဟိုတုန်းက ဒီလိုဖြစ်ခဲ့တာကိုး" ဆိုပြီး အစကနေ ပြန်ကြည့်ချင်စိတ် ပေါက်စေပါတယ်။ ဒုတိယအကြိမ် ပြန်ကြည့်တဲ့အခါမှာ ပထမအကြိမ်တုန်းက သတိမထားမိခဲ့တဲ့ Hint လေးတွေကို တစ်ခုချင်းစီ လိုက်ရှာရတာက တကယ့်ကို အရသာရှိလှပါတယ်။

အားနည်းချက်လေးတေပြောပြရမယ်ဆိုရင် ဇာတ်ကားရဲ့ ပထမ မိနစ် ၂၀-၃၀ ဝန်းကျင်ဟာ ရိုးရိုး Slashing ကားတွေအတိုင်း သွားနေတာကြောင့် စိတ်မရှည်တဲ့သူတွေအတွက် ပျင်းစရာကောင်းနေနိုင်ပါတယ်။ "သင်္ဘောကြီးပေါ်ရောက်တယ်၊ လူသတ်သမားလိုက်တယ်" ဆိုတဲ့ ပုံစံခွက်အတိုင်း သွားနေလို့ အစပိုင်းမှာ စိတ်ဝင်စားဖို့ ခက်ခဲနိုင်ပါတယ်။ Time Loop ဇာတ်ကား တော်တော်များများမှာ ကြုံရလေ့ရှိတဲ့ Grandfather Paradox ပြဿနာ ဒီမှာလည်း ရှိပါတယ်။ ပထမဆုံးအကြိမ် Loop ဘယ်လိုစခဲ့သလဲ (The Origin) ဆိုတာကို ရှင်းရှင်းလင်းလင်း မပြခဲ့ပါဘူး။

နိဂုံးချုပ်အနေနဲ့ "Triangle" ဟာ အချိန်စက်ဝန်းနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေထဲမှာ ထိပ်တန်းက ပါဝင်ပါတယ်။ သင်ဟာ Tenet တို့၊ Silo တို့လို ဇာတ်လမ်းအဆန်းတွေကို ကြိုက်နှစ်သက်သူဆိုရင် ဒီကားက သင့်အတွက် အကြိုက်ဆုံးကားတစ်ကား ဖြစ်လာမှာ သေချာပါတယ်။


AP