၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ "The Thirteenth Floor" ရုပ်ရှင်ဟာ Matrix တို့လို နာမည်ကြီးကားတွေရဲ့ အရိပ်အောက်မှာ ပျောက်ကွယ်နေတတ်ပေမဲ့ သူ့ရဲ့ အနှစ်သာရကတော့ တကယ့်ကို နက်နဲလှပါတယ်။ "ငါ ရှိနေလို့ ငါ စဉ်းစားတာလား၊ ငါ စဉ်းစားနေလို့ ငါ ရှိနေတာလား" ဆိုတဲ့ ဒဿနဟောင်းကြီးကို ဒီရုပ်ရှင်က လျှပ်စစ်ကြိုးတွေ၊ ကွန်ပျူတာ ကုဒ်တွေနဲ့ ပြန်လည် အသက်သွင်းထားပါတယ်။
ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ကို ဆယ်စုနှစ်များစွာ နောက်ပြန်ခေါ်သွားတယ်။ ၁၉၃၇ ခုနှစ်ရဲ့ လှပတဲ့ လမ်းမတွေ၊ ဂန္ထဝင်ဆန်တဲ့ ဂီတတွေနဲ့ လူနေမှုပုံစံတွေဟာ တကယ်တော့ အလင်းစက်တွေနဲ့ တည်ဆောက်ထာတဲ့ Simulation ကမ္ဘာ တစ်ခုပါ။ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာဟာ တကယ်ရော အစစ်အမှန်လား? ဒါမှမဟုတ် အထက်က တစ်စုံတစ်ယောက်ရဲ့ ကွန်ပျူတာ screen ပေါ်က ကစားကွင်းသက်သက်ပဲလား? ရုပ်ရှင်က အဲဒီမေးခွန်းကို ဖြည်းဖြည်းချင်း ဖြေဖျက်ရင်း၊ အမှန်တရားရဲ့ အစွန်းဆီကို ကားမောင်းသွားတဲ့အခါ မြင်လိုက်ရတဲ့ Simulation ကမ္ဘာ ကတော့ တကယ့်ကို ရင်ဖိုစရာပါ။ ကုဒ်တွေနဲ့ ဖန်တီးထားတဲ့ လူသားတစ်ယောက်မှာရော နှလုံးသား ရှိနိုင်ပါ့မလား? သူတို့ရဲ့ နာကျင်မှု၊ သူတို့ရဲ့ ချစ်ခြင်းတွေကရော အတုအယောင်ပဲလား? ဒီကားဟာ နည်းပညာထက် လူသားတစ်ယောက်ရဲ့ "ဖြစ်တည်မှု" ကို ပိုပြီး အလေးပေးထားပါတယ်။
ဇာတ်လမ်းအကျဥ်းအနေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နည်းပညာပါရမီရှင် Hannon Fuller ဟာ ကွန်ပျူတာအတွင်းမှာ ၁၉၃၇ ခုနှစ်က Los Angeles မြို့ဟောင်းကြီး ကို ပုံစံတူ (Simulation) တစ်ခုအနေနဲ့ ဖန်တီးခဲ့ပါတယ်။ အဲဒီကမ္ဘာထဲမှာရှိတဲ့ လူတွေဟာ ကွန်ပျူတာပရိုဂရမ်တွေသာ ဖြစ်ကြပေမဲ့ သူတို့ကိုယ်သူတို့တော့ တကယ့်လူသားတွေလို့ ထင်မှတ်နေကြတာပါ။ ဇာတ်လမ်းအစမှာ Fuller ဟာ အပြင်လောကမှာ ထူးဆန်းစွာ အသတ်ခံလိုက်ရပါတယ်။ သူ့ရဲ့ အနီးကပ်တပည့်ဖြစ်သူ Douglas Hall က လူသတ်သမားအဖြစ် သံသယဝင်ခံရပါတယ်။ Fuller အသတ်မခံရခင်မှာ Douglas အတွက် အရေးကြီးတဲ့ သတင်းစကားတစ်ခုကို အဲဒီ Simulation ကမ္ဘာ (၁၉၃၇ ခုနှစ်) ထဲမှာ ဝှက်ထားခဲ့ပါတယ်။
Douglas ဟာ အမှုမှန်ကိုပေါ်ပေါက်ဖို့နဲ့ Fuller ထားခဲ့တဲ့ သတင်းစကားကို သိရဖို့အတွက် အဲဒီ Virtual ကမ္ဘာထဲကို ကိုယ်တိုင်ဝင်ရောက်သွားပါတယ်။ အဲဒီမှာတင် သူဟာ ထိတ်လန့်စရာကောင်းတဲ့ အမှန်တရားတစ်ခုကို စတင်တွေ့ရှိလာပါတယ်။ သူတို့ဖန်တီးထားတဲ့ ၁၉၃၇ ကမ္ဘာက အတုဆိုရင်၊ သူတို့လက်ရှိနေထိုင်နေတဲ့ ၁၉၉၀ ပြည့်နှစ် ကမ္ဘာကြီးကရော တကယ်ပဲ အစစ်အမှန်လား? ပြီးတော့ Fuller ရဲ့ သမီးဆိုပြီး ရုတ်တရက်ပေါ်လာတဲ့ မိန်းကလေး၊ ပြီးတော့ Simulation ထဲက လူတွေက သူတို့ဟာ ပရိုဂရမ်တွေမှန်း သိသွားတဲ့အခါ ဖြစ်လာတဲ့ ရှုပ်ထွေးမှုတွေနဲ့အတူ ဇာတ်လမ်းက ပရိသတ်ကို "ငါတို့ တကယ်ရှိနေတာလား" ဆိုတဲ့ မေးခွန်းကိုထုတ်စေရင်း အလှည့်အပြောင်းပေါင်းများစွာနဲ့ အဆုံးသတ်သွားပါတယ်။
၁၉၉၀ ကျော်ကာလရဲ့ Cyberpunk ခံစားချက်ကို အပြည့်အဝရမှာဖြစ်သလို၊ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းတွေကလည်း နောက်ဆုံးမိနစ်အထိ ဆွဲဆောင်ထားနိုင်ပါတယ်။ နေဝင်ချိန်မှာ မြင်ရတဲ့ ကောင်းကင်ကြီးက တကယ်တော့ Simulation တွေ ဖြစ်နေခဲ့ရင်ဆိုတဲ့ အတွေးမျိုးနဲ့ ဒီကားက သင့်ကို ငေးမောစေပါလိမ့်မယ်။
AP
Comments: