ဒီဇာတ်ကားက Conjuring Universe ရဲ့ ၈ ကားမြောက် ဇာတ်ကားဖြစ်ပြီး ပင်မ Conjuring ဇာတ်လမ်းတွဲရဲ့ တတိယမြောက်ကားလည်း ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ Ed နဲ့ Lorraine Warren တို့ဟာ ၁၉၈၁ ခုနှစ်က အမေရိကန်သမိုင်းမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ထူးခြားဆန်းပြားတဲ့ လူသတ်မှုတစ်ခုကို ရင်ဆိုင်ရပါတယ်။

Arne Johnson ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ သူ့ရဲ့ အိမ်ရှင်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပေမဲ့ တရားရုံးမှာ သူသတ်တာမဟုတ်ဘဲ "သူ့ကို မကောင်းဆိုးဝါးက ခိုင်းစေလို့ သတ်မိတာပါ" ဆိုပြီး ထွက်ဆိုခဲ့ပါတယ်။ Ed နဲ့ Lorraine တို့ဟာ အဲ့ဒီလူငယ်လေးရဲ့ နောက်ကွယ်က တကယ့်အမှန်တရားနဲ့ ကျိန်စာတွေကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးကြရင်း မထင်မှတ်ထားတဲ့ အမှောင်ထုကြီးနဲ့ တိုးပါတော့တယ်။

သဘောကျမိတဲ့အချက်တေကတော့ အရင်ကားတွေလို "ခြောက်လှန့်ခံနေရတဲ့ အိမ်ကြီးတစ်အိမ်ထဲမှာတင် သရဲလိုက်ဖမ်းတဲ့" ပုံစံမျိုး မဟုတ်တော့ဘဲ အပြင်ထွက်ပြီး တရားခံကို လိုက်လံစုံစမ်းရတဲ့ Detective / Mystery ပုံစံမျိုး သွေဖည်ရိုက်ကူးထားတာဟာ ထူးခြားပြီး ဆွဲဆောင်မှု ရှိပါတယ်။ ကားအစမှာ ပြသတဲ့ ကလေးလေး David ရဲ့ ကိုယ်ပေါ်ကနေ သရဲနှင်တဲ့အခန်းဟာ တကယ့်ကို ကြောက်စရာကောင်းပြီး Exorcist ကားဟောင်းကြီးတွေကို သတိရစေလောက်အောင် အားကောင်းပါတယ်။

သဘောမကျမိတဲ့အချက်တေဆိုရင်တော့ James Wan မရိုက်တော့ဘဲ ဒါရိုက်တာ Michael Chaves လက်ထဲ ရောက်သွားတဲ့အခါမှာတော့ Conjuring ရဲ့ အသက်ဖြစ်တဲ့ "စောင့်ကြည့်ရုံနဲ့တင် ရင်တုန်လာရတဲ့ Atmosphere မျိုး" နည်းသွားပါတယ်။ Jump Scare တွေကိုပဲ အဓိက သုံးသွားတာ တွေ့ရပါတယ်။

အချုပ်အနေနဲ့ ဒီကားဟာ ရှေ့က The Conjuring (2013) နဲ့ The Conjuring 2 (2016) တို့လောက် ရင်တုန်ပန်းတုန်နဲ့ ကြောက်ဖို့မကောင်းသလို Masterpiece အဆင့်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Crime Mystery ဆန်ဆန်နဲ့ ဇာတ်လမ်းဆင်ထားတာကြောင့် ကြည့်နေရင်း ပျင်းမသွားဘဲ စိတ်ဝင်တစားနဲ့ ဆက်တိုက် ကြည့်ရှုနိုင်မယ့် Horror ကားကောင်းတစ်ကားတော့ ဖြစ်ပါတယ်။ Ed & Lorraine တို့ရဲ့ သံယောဇဉ်ကို အသားပေးထားတာကြောင့် သူတို့နှစ်ယောက်ရဲ့ Fan တွေအတွက်တော့ ကြည့်ကို ကြည့်သင့်တဲ့ ကားပါဗျာ။

AP