Stephen King ရဲ့ နာမည်ကြီး ၀တ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ Pet Sematary (2019) ဟာ ၁၉၈၉ ခုနှစ်က ထွက်ခဲ့တဲ့ မူရင်းကားနဲ့ မတူညီတဲ့ ရသကို ပေးစွမ်းနိုင်ဖို့ ကြိုးစားထားတဲ့ Horror ကားတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းအနေနဲ့ ဆရာဝန် Louis Creed နဲ့ ဇနီးဖြစ်သူ Rachel တို့ဟာ သူတို့ရဲ့ ကလေးနှစ်ယောက် (သမီးကြီး Ellie နဲ့ သားငယ် Gage) ကို ခေါ်ပြီး Boston ကနေ Maine ပြည်နယ်က တောရွာလေးကို ပြောင်းလာကြပါတယ်။ သူတို့ ရည်ရွယ်ချက်ကတော့ မြို့ပြရဲ့ ရုန်းကန်မှုတွေကနေ ဝေးရာ၊ အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ မိသားစုအချိန် ပိုပေးနိုင်ဖို့ပါ။
သူတို့အိမ်နောက်ဖက် တောအုပ်ထဲမှာ ဒေသခံကလေးတွေက သေဆုံးသွားတဲ့ တိရစ္ဆာန်လေးတွေကို စီတန်းပြီး မြှုပ်နှံလေ့ရှိတဲ့ "Pet Sematary" ဆိုတဲ့ နေရာရှိပါတယ်။ တစ်နေ့မှာတော့ သူတို့ချစ်တဲ့ ကြောင်လေး Church က ကားတိုက်ခံရပြီး သေဆုံးသွားပါတယ်။
အိမ်နီးချင်းအဖိုးကြီး Jud က Louis ကို သနားတာကြောင့် Pet Sematary ရဲ့ အနောက်ဘက် ခပ်ဝေးဝေးမှာရှိတဲ့ ရှေးဟောင်းအောက်လမ်းမြေဆီ ခေါ်သွားပြီး ကြောင်ကို မြှုပ်နှံခိုင်းပါတယ်။ နောက်တစ်နေ့မှာတော့ သေသွားတဲ့ကြောင်လေးက အိမ်ကို ပြန်ရောက်လာပါတယ်။ ဒါပေမဲ့ အရင်လို ချစ်စရာကောင်းတဲ့ ကြောင်လေး မဟုတ်တော့ဘဲ အလွန် ညစ်ပတ်ပြီး အနံ့အသက်ဆိုးထွက်နေတဲ့၊ ရန်လိုပြီး ရက်စက်ကြမ်းကြုတ်တက်လာတဲ့ ကြောင်လေးဖြစ်သွားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အဲဒီမြေမှာ မြှုပ်နှံသမျှအရာတွေဟာ ပုံမှန်မဟုတ်ဘဲ ပြန်လာတတ်တယ် ဆိုတာကို Louis သိသွားပါတယ်။
အဲဒီသင်္ချိုင်းရဲ့ နောက်ကွယ်မှာတော့ သေဆုံးသွားတဲ့အရာတွေကို ပြန်လည်အသက်သွင်းပေးနိုင်တဲ့ ရှေးဟောင်းအောက်လမ်းမြေတစ်ခု ရှိနေပြီး၊ အဲဒီကနေတစ်ဆင့် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေ စတင်လာပါတော့တယ်။
ဒီ ၂၀၁၉ version ရဲ့ အကြီးမားဆုံး ပြောင်းလဲမှုကတော့ မူရင်းဝတ္ထုမှာ သေဆုံးရတဲ့ သားဖြစ်သူ Gage အစား၊ သမီးဖြစ်သူ Ellie ကို သေဆုံးစေပြီး ပြန်လည်အသက်သွင်းလိုက်တာပါ။ ဒါဟာ အရင်ကားကို ကြည့်ဖူးသူတွေအတွက်တောင် ရင်ခုန်စရာ Twist တစ်ခု ဖြစ်စေခဲ့ပါတယ်။
အပြစ်ပြောစရာအဖြစ်အနေနဲ့ မြင်ရင်တော့ ဇာတ်လမ်းအစပိုင်းမှာ အနည်းငယ် နှေးကွေးနေပြီး ဇာတ်သိမ်းပိုင်းကျမှ အားလုံးကို အလောတကြီး အဆုံးသတ်လိုက်သလို ခံစားရနိုင်ပါတယ်။ Stephen King ရဲ့ fan တစ်ယောက်ဆိုရင် မူရင်းနဲ့ ဘာတွေကွဲလွဲ နေလဲဆိုတာကို သိချင်ရင်တော့ ကြည့်သင့်ပါတယ်။ ဒါပေမဲ့ အရမ်းကြီး ထိတ်လန့်စရာကောင်းတဲ့ ကားမျိုးကို မျှော်လင့်ထားရင်တော့ အနည်းငယ် စိတ်ပျက်ရနိုင်ပါတယ်။
AP
Comments: