My Neighbor Totoro ဟာ Studio Ghibli ရဲ့ အကျော်ကြားဆုံးနဲ့ စိတ်အေးချမ်းစရာအကောင်းဆုံး ဇာတ်ကားလေးတစ်ကားပါ။ ဒီ Anime လေးက ရုပ်ရှင်တစ်ခုထက်ပိုပြီး "နှလုံးသားကို ကုစားပေးတဲ့ ဆေးတစ်ခွက်" (Healing Movie) လို့ တင်စားလို့ရပါတယ်။ ပြီးတော့ ဒီဇာတ်ကားလေးမှာတခြား Anime တွေလို ဗီလိန် (လူဆိုး) မပါဘူး။ ကမ္ဘာကြီးကို ကယ်တင်ရမယ့် တာဝန်တွေ၊ တိုက်ခိုက်တာတွေလည်း မရှိဘူး။ နယ်ဘက်က သဘာဝအလှတရား၊ ကလေးတွေရဲ့ အပြစ်ကင်းတဲ့ စိတ်ကူးယဉ်မှုနဲ့ မိသားစုမေတ္တာကိုပဲ အဓိကထား ရိုက်ပြထားတာပါ။ ဒါပေမဲ့ အဲဒီရိုးရှင်းမှုကပဲ ပရိသတ်ကို ဇာတ်လမ်းထဲမှာ နစ်ဝင်သွားစေပါတယ်။
ဇာတ်လမ်းအကျဥ်းလေးပြန်ပြောရရင် Satsuki နဲ့ ညီမလေး Mei တို့ ညီအစ်မနှစ်ယောက်၊ သူတို့ရဲ့ အဖေနဲ့အတူ တောရွာလေးက အိမ်ဟောင်းကြီးတစ်လုံးဆီ ပြောင်းလာတာနဲ့ စတင်ပါတယ်။ သူတို့ အမေကတော့ အနီးအနားက ဆေးရုံတစ်ခုမှာ ဖျားနာလို့ တက်နေရတာပါ။ အိမ်သစ်ကြီးမှာ "Soot Sprites" (မီးခိုးလုံးလေးတွေ) လိုမျိုး ထူးဆန်းတဲ့ သတ္တဝါလေးတွေ ရှိနေတာကို ကလေးတွေက စတင်တွေ့ရှိခဲ့ပါတယ်။
တစ်နေ့မှာတော့ ညီမလေး Mei က ခြံထဲမှာ ကစားရင်းနဲ့ ယုန်နဲ့တူတဲ့ သတ္တဝါသေးသေးလေးနောက်ကို လိုက်သွားရာကနေ သစ်ပင်အိုကြီးတစ်ပင်ရဲ့ အပေါက်ထဲကို ကျသွားပါတယ်။ အဲဒီမှာ ဗိုက်ပူပူ၊ အမွှေးပွပွနဲ့ အကောင်ကြီး Totoro နဲ့ စတင်တွေ့ဆုံပါတော့တယ်။ Totoro ဆိုတာ တောစောင့်နတ်မင်းကြီးလို့ ဆိုနိုင်ပါတယ်။ နောက်ပိုင်းမှာ အစ်မဖြစ်သူ Satsuki လည်း မိုးရွာထဲ ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေရင်း Totoro နဲ့ ဆုံခဲ့ပါတယ်။
Totoro က ကလေးတွေကို မှော်အစေ့လေးတွေ ပေးခဲ့ပြီး ညဘက်မှာ အပင်ကြီးတွေ အဆမတန် မြန်မြန်ဆန်ဆန် ကြီးထွားလာအောင် လုပ်ပေးခဲ့ပါတယ်။ နောက်ပြီး "Catbus" (ကြောင်ရုပ်နဲ့ ဘတ်စ်ကားကြီး) လိုမျိုး ထူးဆန်းပြီး ချစ်စရာကောင်းတဲ့ မှော်သတ္တဝါတွေနဲ့ သူတို့ ညီအစ်မတွေ ပျော်စရာကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ကြပါတယ်။
ဇာတ်ရှိန်တက်လာတာကတော့ အမေဖြစ်သူ ဆေးရုံက ဆင်းမယ့်ရက် နောက်ဆုတ်သွားတယ်လို့ သိလိုက်ရတဲ့အချိန်မှာ Mei လေးက စိတ်မကောင်းဖြစ်ပြီး ဆေးရုံကို ခြေကျင်သွားဖို့ ကြိုးစားရင်း လမ်းပျောက်သွားပါတယ်။ ရွာလုံးကျွတ် လိုက်ရှာပေမယ့် မတွေ့ပါဘူး။ နောက်ဆုံးမှာ Satsuki က Totoro ဆီမှာ အကူအညီတောင်းခဲ့ပြီး Totoro က Catbus ကို ခေါ်ပေးလိုက်ပါတယ်။ Catbus ရဲ့ အကူအညီနဲ့ Mei ကို ပြန်တွေ့ခဲ့သလို၊ သူတို့ နှစ်ယောက်လုံး ဆေးရုံက အမေ့ဆီကိုလည်း သွားရောက်ပြီး ပြောင်းဖူးလေး လက်ဆောင်ပေးနိုင်ခဲ့ပါတယ်။
အဆုံးသတ်ပြောရရင် ဒီဇာတ်ကားဟာ အဖေနဲ့ သမီးတွေကြားက နွေးထွေးမှု၊ ညီအစ်မ နှစ်ယောက်ကြားက သံယောဇဉ်ကို အလှပဆုံး ရိုက်ပြထားပါတယ်။ မိုးရွာထဲမှာ ထီးလေးဆောင်းပြီး ဘတ်စ်ကားစောင့်နေတဲ့ အခန်းဟာ ရုပ်ရှင်သမိုင်းမှာ အမှတ်တရအဖြစ်ဆုံး အခန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကြည့်နေရင်းနဲ့ စိတ်ဖိစီးမှုတွေ လျော့ကျစေတဲ့ "Healing Anime" အမျိုးအစားဖြစ်လို့ စိတ်ပင်ပန်းနေတဲ့အချိန် ပြန်ကြည့်ဖို့ အကောင်းဆုံးပါပဲ။
AP
Comments: