Disney က ထုတ်လုပ်ခဲ့တဲ့ John Carter က ရုပ်ရှင်လောကမှာ ပြောစမှတ်အတွင်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားပါ။ ဒီဇာတ်ကားဟာ စာရေးဆရာ Edgar Rice Burroughs (Tarzan ကို ရေးခဲ့သူ) ရဲ့ ၁၉၁၂ ခုနှစ်က ဝတ္ထုကို အခြေခံထားတာပါ။ 

ဇာတ်လမ်းအကျဥ်း အနေနဲ့ အမေရိကန် ပြည်တွင်းစစ်က ပြန်လာတဲ့ စစ်သားဟောင်း John Carter ဟာ မတော်တဆ "အင်္ဂါဂြိုဟ်" (ဒေသအခေါ် Barsoom) ကို ရောက်သွားပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ ဆွဲငင်အားက ကမ္ဘာထက် နည်းတဲ့အတွက် သူဟာ အဲဒီမှာ လူစွမ်းကောင်းတစ်ယောက်လို ခုန်ပျံနိုင်ပြီး ခွန်အားတွေ အများကြီး ရှိလာပါတယ်။ အဲဒီနောက် အင်္ဂါဂြိုဟ်ပေါ်က လူမျိုးနွယ်စုတွေကြားထဲက စစ်ပွဲမှာ မပါချင်ဘဲ ပါဝင်သွားရင်း မင်းသမီး Dejah Thoris နဲ့ တွေ့ဆုံကာ ဂြိုဟ်ကြီး ပျက်စီးမယ့်ဘေးကနေ ကယ်တင်ရပုံကို ရိုက်ကူးထားတာပါ။

Disney က ဒီကားကို ဒေါ်လာ သန်း ၂၅၀ လောက် အကုန်အကျခံ ရိုက်ခဲ့ပေမဲ့ ဘာကြောင့် ရှုံးခဲ့တာလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ရုပ်ရှင်နာမည် အပြည့်အစုံက "John Carter of Mars" ဖြစ်ရမှာပါ။ ဒါပေမဲ့ ဒါရိုက်တာက "Mars" လို့ နာမည်ပါရင် လူမကြည့်မှာ စိုးလို့ဆိုပြီး John Carter လို့ပဲ ပေးခဲ့ပါတယ်။ ရလဒ်ကတော့ ပရိသတ်တွေက ဒါကို ဘာကားမှန်း မသိဘဲ ဖြစ်သွားတာပါ။  Trailers တွေမှာလည်း ရုပ်ရှင်ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအပိုင်းတွေကို သေချာ မပြနိုင်ခဲ့လို့ လူတွေက "ဒါ ဘာကားလဲ" ဆိုပြီး ဝေခွဲမရ ဖြစ်သွားခဲ့ကြတာပါ။

ကျွန်တော်ကြိုက်တဲ့အချက်‌လေးတေကတော့ အင်္ဂါဂြိုဟ် (Barsoom) ရဲ့ ယဉ်ကျေးမှု၊ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ အဆောက်အဦးဒီဇိုင်းတွေက အရမ်းကို စနစ်ကျပြီး ခံ့ညားပါတယ်။ တကယ်ရှိနေတဲ့ ဂြိုဟ်တစ်ခုကို ရောက်သွားသလို ခံစားရစေပါတယ်။ John Carter က အင်္ဂါဂြိုဟ်ရဲ့ ဆွဲငင်အားနည်းတာကို အသုံးချပြီး အမြင့်ကြီးတွေ ခုန်တာ၊ ခွန်အားကြီးတာတွေကို အက်ရှင်ခန်းတွေမှာ ထည့်သုံးထားတာက တော်တော်လေး ကြည့်ကောင်းပါတယ်။ ပြီးတော့ ဒီကားထဲက မင်းသမီးဟာ တခြားကားတွေလို ကယ်တင်ခံရဖို့ပဲ စောင့်နေတဲ့သူ မဟုတ်ဘဲ သိပ္ပံပညာရှင်လည်းဖြစ်၊ ဓားသမားလည်း ဖြစ်တာကြောင့် တော်တော်လေး ဆွဲဆောင်မှုရှိပါတယ်။

မကြိုက်တဲ့အချက်လေးတေကတော့ မျိုးနွယ်စုတွေ၊ မြို့အမည်တွေနဲ့ သူတို့ရဲ့ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး နောက်ခံတွေကို နားလည်ဖို့အတွက် အားစိုက်ပြီး ကြည့်ရတာကြောင့် ပေါ့ပေါ့ပါးပါး ကြည့်ချင်သူတွေအတွက် အဆင်မပြေပါဘူး။ နောက်ပြီး John Carter က တခြားသူတွေထက် အဆမတန် အစွမ်းထက်နေတဲ့အတွက် သူသေမှာကို မစိုးရိမ်ရသလို ဖြစ်နေပါတယ်။ ရန်သူတွေက သူ့ကို တကယ်အန္တရာယ် ပေးနိုင်တယ်ဆိုတဲ့ ခံစားချက် နည်းနေပါတယ်။

အချုပ်ပြောရရင်တော့ ဒီကားဟာ Sequel တွေ ထွက်လာဖို့ ရည်ရွယ်ခဲ့ပေမဲ့ ပထမကားမှာ တင် အရှုံးပေါ်သွားလို့ အစီအစဉ်တွေ ပျက်သွားခဲ့ပါတယ်။ ဒါပေမဲ့ Sci-fi လောကရဲ့ အခြေခံ အုတ်မြစ်ကို သိချင်တယ်၊ Visual ကောင်းကောင်းနဲ့ Adventure ခံစားချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားဟာ Masterpiece တစ်ခု ဖြစ်ပါတယ်။