Jim Button and Luke the Engine Driver ဟာ ဂျာမန်စာရေးဆရာ Michael Ende ရဲ့ နာမည်ကြီး ကလေးစာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Fantasy Adventure ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။

ဇာတ်လမ်းက လူဦးရေ ၄ ယောက်သာရှိတဲ့ Morrowland လို့ခေါ်တဲ့ ကျွန်းငယ်လေးကနေ စတင်ပါတယ်။ တစ်နေ့မှာ စာတိုက်သင်္ဘောကနေ လိပ်စာအမှားနဲ့ ပါဆယ်ထုပ်ကြီးတစ်ထုပ် ရောက်လာပါတယ်။ အဲဒီအထဲမှာ လူမည်းကလေးငယ်လေးတစ်ယောက် ပါလာပြီး ကျွန်းပေါ်ကလူတွေက သူ့ကို Jim လို့ နာမည်ပေးကာ မွေးစားလိုက်ကြပါတယ်။ Jim ဟာ ကျွန်းပေါ်က ရထားမောင်းသမား Luke နဲ့ အရမ်းခင်မင်သွားပြီး Luke ရဲ့ ရထား Emma ပေါ်မှာပဲ ဆော့ကစားရင်း ကြီးပြင်းလာခဲ့ပါတယ်။

Jim အရွယ်ရောက်လာတဲ့အခါမှာ ကျွန်းရဲ့ ဘုရင်ဖြစ်သူက ကျွန်းက သေးငယ်လွန်းပြီး လူဦးရေများလာတာကြောင့် ရထားလမ်းတွေကို ဖျက်သိမ်းရမယ်၊ ရထား Emma ကိုလည်း ဖယ်ရှားရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ Luke က သူနဲ့ ခွဲမရတဲ့ Emma ကို မစွန့်လွှတ်နိုင်တာကြောင့် ညတွင်းချင်းပဲ ကျွန်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပါတယ်။ Jim ကလည်း သူ့ရဲ့ မိဘအရင်းတွေကို သိချင်တာကြောင့် Luke နဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။ အဲ့ကနေမှ Jim နဲ့ Luke စွန့်စားခန်းခရီးထွက်တာကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။

ဒီကားရဲ့ အားသာချက်ဆုံးအချက်က Visual Effects ပါပဲ။ ဂျာမန်ရုပ်ရှင်သမိုင်းမှာ အကုန်အကျအများဆုံးကားတွေထဲက တစ်ကားဖြစ်လို့ CGI တွေက တော်တော်လေး အဆင့်အတန်းမြင့်ပါတယ်။ မင်ဒါလာ (Mandala) ပြည်နယ်ရဲ့ အလှအပတွေ၊ သဲကန္တာရထဲက ထူးဆန်းတဲ့ မြင်ကွင်းတွေနဲ့ ရထားအင်ဂျင်မကြီး Emma ရဲ့ ပုံစံတွေက ကလေးတွေတင်မက လူကြီးတွေပါ ဖမ်းစားနိုင်လောက်အောင် လှပပါတယ်။

Classic Fantasy ပုံစံအတိုင်း Linear (အဖြောင့်) သွားတာဖြစ်လို့ ကြည့်ရတာ ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါးရှိပါတယ်။ ဒါပေမဲ့ Michael Ende ရဲ့ မူရင်းဝတ္ထုထဲကလိုပဲ လူမျိုးရေးခွဲခြားမှုဆိုင်ရာ သွယ်ဝိုက်တဲ့ သင်ခန်းစာတွေ၊ မိသားစုစိတ်ဓာတ်နဲ့ သူငယ်ချင်းအချင်းချင်း ယုံကြည်မှုတွေကို ထည့်သွင်းပြသသွားတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီဇာတ်ကားဟာ ပေါ့ပေါ့ပါးပါးနဲ့ ရှုခင်းလှလှကြိုက်သူများအတွက်  မိသားစုနဲ့အတူ ကြည့်ဖို့ အကောင်းဆုံးဇာတ်ကားတစ်ကားပါ။

AP