Alfonso Cuarón ရိုက်ကူးထားတဲ့ Gravity (2013) ဟာ ရုပ်ရှင်လောကရဲ့ Visual Effects (VFX) ပိုင်းမှာ တော်လှန်ရေးတစ်ရပ် ဖြစ်စေခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။
ဇာတ်လမ်းအကျဥ်းအနေနဲ့ Dr. Ryan Stone (Sandra Bullock) ဟာ ပထမဆုံးအကြိမ် အာကာသခရီးစဉ်ကို လိုက်ပါလာတဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဝါရင့်အာကာသယာဉ်မှူး Matt Kowalski (George Clooney) နဲ့အတူ Hubble အာကာသကြည့်မှန်ပြောင်းကို ပြုပြင်ထိန်းသိမ်းနေကြတာပါ။
အဲဒီအချိန်မှာပဲ ရုရှားက သူတို့ရဲ့ ဂြိုဟ်တုဟောင်းတစ်ခုကို ဒုံးပျံနဲ့ ပစ်ဖောက်ဖျက်ဆီးလိုက်ရာကနေ ထွက်ပေါ်လာတဲ့ အပျက်အစီး အပိုင်းအစတွေဟာ သူတို့ရှိရာကို အရှိန်အဟုန်နဲ့ လာရောက်ရိုက်ခတ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် သူတို့ရဲ့ အာကာသယာဉ် ပျက်စီးသွားသလို ကျန်တဲ့ အဖွဲ့ဝင်တွေလည်း သေဆုံးကုန်ပါတယ်။
အာကာသထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ Dr. Ryan Stone အနေနဲ့ အောက်ဆီဂျင်နည်းပါးမှု အဆက်အသွယ်ပြတ်တောက်မှုတွေကြားက ကမ္ဘာမြေကို ပြန်ရောက်အောင် ဘယ်လိုကြိုးစားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။
ဒီကားရဲ့ အသက်ကတော့ Camera ရိုက်ချက်တွေပါ။ အစပိုင်းမှာပါတဲ့ ဖြတ်တောက်မှုမရှိဘဲ ရိုက်ထားတဲ့ အရှည်ကြီးဟာ ပရိသတ်ကို အာကာသထဲ တကယ်ရောက်သွားသလို ခံစားရစေပါတယ်။ အာကာသရဲ့ လှပမှုနဲ့ တစ်ဖက်မှာရှိတဲ့ ကြောက်မက်ဖွယ်ရာ အမှောင်ထုကို အကောင်းဆုံး ပုံဖော်ထားပါတယ်။
ဒီဇာတ်ကားဟာ အာကာသအကြောင်းသက်သက်တင် မဟုတ်ဘဲ လူတစ်ယောက်ရဲ့ "ရှင်သန်လိုစိတ်" ကို အဓိကထားပြသွားတာပါ။ သမီးဖြစ်သူ ဆုံးရှုံးခဲ့ရလို့ ဘဝကို အရှုံးပေးချင်နေတဲ့ Dr. Stone တစ်ယောက် သေဘေးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘဝရဲ့ တန်ဖိုးကို ပြန်လည် နားလည်သွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Gravity ဟာ ရိုးရှင်းတဲ့ Survival Story တစ်ခုကို နည်းပညာအမြင့်ဆုံးသုံးပြီး ရိုက်ကူးထားတဲ့ Masterpiece တစ်ခုပါ။ စိတ်ဖိစီးမှု ဒဏ်ကို အကောင်းဆုံး ပုံဖော်ထားတဲ့အတွက် Sci-fi ဝါသနာအိုးတွေ လက်မလွတ်သင့်တဲ့ ကားမျိုးဖြစ်ပါတယ်။
AP
Comments: