နောက်ထပ် Stephen King ရဲ့ ဝတ္ထုတိုကို အခြေခံပြီး ရိုက်ကူးထားတဲ့ 1408 ဇာတ်ကားဟာ သွေးထွက်သံယို သိပ်မပါဘဲ လူကို စိတ်ပိုင်းဆိုင်ရာအရ ခြောက်ခြားအောင် လုပ်နိုင်တဲ့ အကောင်းဆုံးသော Supernatural Horror ကားတွေထဲက တစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းက Mike Enslin ဟာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတွေကို လိုက်လံစုံစမ်းပြီး စာအုပ်ရေးတဲ့ စာရေးဆရာတစ်ယောက်ပါ။ သူကိုယ်တိုင်ကတော့ သရဲဆိုတာကို လုံးဝမယုံကြည်ဘဲ လူတွေရဲ့ စိတ်ကူးယဉ်မှုလို့ပဲ သတ်မှတ်ထားသူပါ။ တစ်နေ့မှာတော့ နယူးယောက်မြို့က Dolphin Hotel ရဲ့ အခန်းနံပါတ် 1408 မှာ တည်းခိုဖို့ ရောက်လာခဲ့ပါတယ်။ ဟိုတယ်မန်နေဂျာက အဲဒီအခန်းမှာ လူပေါင်းများစွာ သေဆုံးခဲ့ဖူးလို့ မတည်းဖို့ တားမြစ်ပေမဲ့ သူကတော့ ဂရုမစိုက်ဘဲ ဝင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ လုံးဝမယုံကြည်ခဲ့တဲ့ ထူးဆန်းအံ့သြဖွယ်ရာ ခြောက်ခြားမှုတွေကို အခန်းကျဉ်းလေးထဲမှာ တစ်ယောက်တည်း ရင်ဆိုင်ရပါတော့တယ်။

ဒီကားက တခြားသရဲကားတွေလို ရုတ်တရက် လန့်အောင်လုပ်တဲ့ Jump Scares တွေထက် လူတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး ကြောက်စိတ်နဲ့ နောင်တတွေကို အသုံးချပြီး ခြောက်လှန့်တာပါ။ အခန်းထဲက ရေဒီယိုကနေ "We've Only Just Begun" သီချင်း အလိုလို ပွင့်လာတာမျိုး၊ အခန်းနံပါတ် 1+4+0+8 = 13 (ကံဆိုးခြင်းနံပါတ်) ဖြစ်နေတာမျိုးတွေက အစကတည်းက ပဟေဠိဆန်နေစေပါတယ်။

အားနည်းချက်လို့ ယူဆနိုင်မယ့် အချက်လေးတေကတော့ ဒီအခန်းက ဘာကြောင့် သရဲခြောက်တာလဲ၊ ဘယ်လို အင်အားစုက ထိန်းချုပ်ထားတာလဲဆိုတာကို ရှင်းရှင်းလင်းလင်း အဖြေမပေးခဲ့ပါဘူး။ "ဒါက မကောင်းဆိုးဝါးအခန်းပဲ" ဆိုတဲ့ အချက်တစ်ခုတည်းအပေါ်မှာပဲ အခြေခံထားတာကြောင့် ဇာတ်လမ်းရဲ့ နောက်ခံအကြောင်းအရင်း (Origin Story) ကို သိချင်တဲ့သူတွေအတွက်တော့ အားမရစရာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ဇာတ်လမ်းအလယ်ပိုင်းမှာ ဇာတ်လိုက် Mike ရဲ့ စိတ်ကူးယဉ်မှုတွေနဲ့ တကယ့်လက်တွေ့ ဖြစ်ရပ်တွေကို ခဏခဏ ရောထွေးပြတဲ့အတွက် ပရိသတ်အနေနဲ့ "ဘယ်ဟာက အစစ်လဲ၊ ဘယ်ဟာက အိပ်မက်လဲ" ဆိုတာကို ခွဲခြားရခက်ပြီး မျက်စိလည်သွားနိုင်ပါတယ်။

အဲ့ဒီအချက်လေးတေကို လက်ခံနိုင်မယ်ဆိုရင်တော့ ဒီဇာတ်ကားက Mystery ကားတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက်ကတော့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်မှာပါ။

AP