Until Dawn ရုပ်ရှင်ဟာ PlayStation ရဲ့ နာမည်ကြီး Horror Game ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ David F. Sandberg ဟာ Horror ဆရာတစ်ယောက်ဖြစ်တဲ့အတိုင်း သေခန်းတွေကို တော်တော်လေး စိတ်ကူးယဉ်ဆန်ဆန်နဲ့ ကြောက်စရာကောင်းအောင် ရိုက်ပြနိုင်ခဲ့ပါတယ်။ CGI သုံးတာထက် လက်တွေ့ Effects တွေကို ပိုသုံးထားတာကြောင့် ကြည့်ရတာ အားရဖို့ကောင်းပါတယ်။ နောက်ပီး ဂိမ်းထဲမှာ Dr. Hill အဖြစ် ပါဝင်ခဲ့တဲ့ မင်းသားကြီး Peter Stormare ကို ဒီကားထဲမှာ ထည့်သွင်းထားတာက ဂိမ်းပရိသတ်တွေအတွက်တော့ အရသာတစ်ခုပါပဲ။

ဒီကားဟာ ဂိမ်းထဲက ဇာတ်လမ်းအတိုင်း တသွေမတိမ်း ပြန်ရိုက်ထားတာ မဟုတ်ဘဲ Original Standalone Story တစ်ခုအနေနဲ့ သွားထားတာပါ။ Clover ဆိုတဲ့ မိန်းကလေးဟာ လွန်ခဲ့တဲ့ တစ်နှစ်က ပျောက်ဆုံးသွားတဲ့ သူမရဲ့ အစ်မဖြစ်သူ Melanie ကို လိုက်ရှာဖို့ သူငယ်ချင်းတစ်စုနဲ့အတူ Glore Valley ဆိုတဲ့ သတ္တုတွင်းမြို့ဟောင်းလေးကို ရောက်သွားရာကနေ စတင်ပါတယ်။ ထူးခြားတာက သူတို့ဟာ Time Loop ထဲမှာ ပိတ်မိနေပြီး မနက်မိုးမလင်းမချင်း သေဆုံးလိုက်၊ ပြန်နိုးလာလိုက်နဲ့ ထပ်ခါတလဲလဲ ကြုံတွေ့ရပုံကို ရိုက်ပြထားတာပါ။

အားနည်းချက်အနေနဲ့ဆိုရင်တော့ Time Loop concept ကို သုံးထားတာကြောင့် အခန်းအချို့က ထပ်ခါတလဲလဲ ဖြစ်နေသလို ခံစားရပြီး ဇာတ်ရှိန်က ကြာလာလေလေ လျော့လာလေလေ ဖြစ်တတ်ပါတယ်။ ဂိမ်းရဲ့ အဓိက ဆွဲဆောင်မှုဖြစ်တဲ့ Butterfly Effect (ရွေးချယ်မှုတိုင်းမှာ အကျိုးဆက်ရှိတာ) ကို ရုပ်ရှင်မှာ သေချာအသုံးမချနိုင်ခဲ့တာက ဂိမ်းပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာ ဖြစ်နိုင်ပါတယ်။

နောက်ဆုံးသုံးသပ်ချက် အနေနဲ့ ဒီရုပ်ရှင်ဟာ ဂိမ်းကို တိုက်ရိုက်မှီငြမ်းတဲ့ကား ထက်စာရင် Until Dawn Universe ထဲက horror ကားတစ်ကား လို့ မြင်ရင် ပိုကြည့်လို့ကောင်းပါလိမ့်မယ်။ ဂိမ်းကို မကစားဖူးတဲ့သူတွေအတွက်တော့ အေးဆေးကြည့်လို့ရတဲ့ Slasher/Monster horror ကားတစ်ကား ဖြစ်ပေမဲ့၊ ဂိမ်းပရိသတ်တွေအတွက်ကတော့ အနည်းငယ် လိုအပ်ချက်ရှိနေတဲ့ Adaptation တစ်ခုလို့ ဆိုရမှာပါ။

AP