ကျွန်တော်တို့ရဲ့ ငယ်ဘ၀တွေကို အမှတ်ရစေမယ့် Studio Ghibli ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ Spirited Away (၂၀၀၁) ဟာ ကမ္ဘာတစ်ဝန်းမှာ အကောင်းဆုံး animation ရုပ်ရှင်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ၂၀၀၃ ခုနှစ်မှာ အကောင်းဆုံး အန်နီမေးရှင်းဆု (Best Animated Feature) ကို ရရှိခဲ့ပါတယ်။ (ဒါဟာ ဂျပန် anime တစ်ကားအနေနဲ့ ပထမဆုံးရရှိခဲ့တာပါ)။ Berlin International Film Festival မှာလည်း အမြင့်ဆုံးဆု ရရှိခဲ့ပါတယ်။

ဒီ Animation ကတော့ Studio Ghibli ရဲ့ ထုံးစံအတိုင်း နောက်ခံပန်းချီကားတွေက အရမ်းလှပါတယ်။ လက်နဲ့ဆွဲထားတဲ့ animation တွေဖြစ်လို့ သဘာဝကျပြီး အသေးစိတ်လှပါတယ်။ နတ်ဘုရားတွေ၊ ဝိညာဉ်တွေရဲ့ ပုံစံတွေက ထူးဆန်းအံ့သြဖို့ကောင်းပြီး ဂျပန်ရိုးရာ ယဉ်ကျေးမှုတွေကို ပေါင်းစပ်ထားတာကိုလည်း တွေ့ရပါတယ်။

ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် Chihiro ဟာ သူမရဲ့ မိဘတွေနဲ့အတူ အိမ်အသစ်ကို ပြောင်းရွှေ့ဖို့ ကားမောင်းလာရင်း လမ်းမှားပြီး ထူးဆန်းတဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုထဲ ရောက်သွားပါတယ်။ အဲဒီနောက်မှာ လူသူမရှိဘဲ အစားအစာတွေပဲ အပြည့်ရှိတဲ့ မြို့ဟောင်းတစ်ခုကို တွေ့ရပါတယ်။ Chihiro ရဲ့ မိဘတွေက အဲဒီက အစားအစာတွေကို ခွင့်မတောင်းဘဲ စားမိရာကနေ ဝက် တွေအဖြစ် ပြောင်းလဲသွားကြပါတယ်။

Chihiro တစ်ယောက်တည်း နတ်ဘုရားတွေ၊ ဝိညာဉ်တွေရှိတဲ့ လောကထဲမှာ ပိတ်မိသွားပြီး သူမရဲ့မိဘတွေကို ကယ်တင်ဖို့အတွက် စုန်းမကြီး Yubaba ပိုင်တဲ့ ရေချိုးခန်းမှာ အလုပ်ဝင်လုပ်ရင်း ကြုံတွေ့ရတဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Chihiro ဟာ ဇာတ်လမ်းအစမှာ ဂျီကျပြီး ကြောက်တတ်တဲ့ ကလေးမလေးကနေ အဆုံးမှာတော့ ရဲရင့်ပြီး တာဝန်ယူတတ်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားတာကို လှပစွာ မြင်တွေ့ရမှာပါ။ ဒါဟာ ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းတဲ့ ခရီးစဉ်တစ်ခုကို ဖော်ပြနေပါတာနဲ့တူပါတယ်။

ဒီဇာတ်လမ်းရဲ့ ထူးခြားချက်အနေနဲ့ကတော့ Chihiro ရဲ့ မိဘတွေ ဝက်ဖြစ်သွားတာ၊ No-Face က ရွှေတွေပေးပြီး လူတွေကို ဝါးမြိုတာတွေဟာ လူတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘကို သရော်ထားတာဖြစ်ပါတယ်။

Spirited Away ဟာ ကလေးတွေအတွက်တင် မဟုတ်ဘဲ လူကြီးတွေပါ ကြည့်ရှုသင့်တဲ့ လက်ရာတစ်ခုပါ။ လူ့လောကရဲ့ အမှောင်ဘက်ခြမ်းနဲ့ အလင်းဘက်ခြမ်းကို ဒဏ္ဍာရီဆန်ဆန် ပုံဖော်ပြထားတဲ့အတွက် ဘယ်နှစ်ခါပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။

မှတ်ချက်: မကြည့်ရသေးရင် မဖြစ်မနေ ကြည့်သင့်ပါတယ်။


AP